ပို့ကုန်ပိတ်ဆို့မှုဖယ်ရှားပေးခဲ့၍ လုပ်ပြရန်သာလိုတော့သည်ဟု စီးပွားရေးလုပ်ငန်းရှင်များသုံးသပ် - NAING NAING SANAY MYANMAR NEWS
Headlines News :

Saturday, September 29, 2012

ပို့ကုန်ပိတ်ဆို့မှုဖယ်ရှားပေးခဲ့၍ လုပ်ပြရန်သာလိုတော့သည်ဟု စီးပွားရေးလုပ်ငန်းရှင်များသုံးသပ်


မြန်မာ့ပို့ကုန်တင်သွင်းမှုကို အမေရိကန်နိုင်ငံက ပြန်လည်ခွင့်ပြုလိုက်သည့်အပေါ် ပြည်တွင်းစီးပွားရေး ပညာရှင်များနှင့် လုပ်ငန်းရှင်ကြီးများက ကြိုဆိုကြောင်းသိရှိရသည်။

အမေရိကန်နိုင်ငံသို့ ကောက်ပဲသီးနှံများကဲ့သို့သော ထွက်ကုန်များတင်ပို့ရာတွင် နည်းပညာလိုအပ်ချက်အရ   ပြန်လည် အရည်အသွေးမြှင့်တင်ရဦးမည့် လုပ်ငန်းများရှိသလို ချက်ချင်းတင်ပို့နိုင်သည့် စီးပွားရေးလုပ်ငန်းများလည်းရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်ကြီးများထံက သိရှိရသည်။


“ဆန်စပါးနဲ့ပတ်သက်လို့ကတော့ အရည်အသွေးကို မြှင့်ရပါမယ်။ အရည်အသွေးကို မြှင့်တင်ပြီးတော့မှ သက်ဆိုင်ရာ အနောက်နိုင် ငံတွေ  ရဲ့ Quality အရည်အသွေး၊သူတို့ လိုချင်တဲ့အရည်အသွေးဖြစ်အောင် လို့ အန်ကယ်တို့ ကြိုးစားပြီးတော့ လုပ်ရမှာ၊ ဒါကလည်း အချိန်တစ်ခုကျတော့ ဖြစ်လာမှာပါ ချက်ခြင်း ကြီးတော့ ဖြစ်လာမှာမဟုတ်ပါဘူး” ဟု ဆန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးချစ်ခိုင်က ပြောသည်။
အလားတူ လက်ရှိဘဏ်လုပ်ငန်းများတွင် လိုအပ်နေသည့် နိုင်ငံတကာသုံးအမေရိကန်ဒေါ်လာ   ဈေးကွက်ကိုလည်း   ပြန်လည်ဖော်ဆောင်နိုင်တော့မည် ဟု မြန်မာစီးပွားရေးလုပ်ငန်းရှင်များ မျှော်လင့် နေကြသည်။

“GSP ကိစ္စလည်း လျှော့ပေါ့မယ်လို့ သိရပါတယ်။ အခုအခါ အလုံစုံလျှော့ပေါ့ပေးမယ့်အနေအထားကို   ရောက်လာပါပြီ။ရောက်လာတဲ့ အခါကျတော့ဒါတွေဟာ တိုင်းပြည်အတွက်အဖက်ဖက်ကကောင်းတယ် လို့ပဲ မြင်ပါတယ်။ ဒီနိုင်ငံအပေါ်မှာပျော့ပြောင်းပြီးတော့ ပူးပေါင်းလာတဲ့ အနေအထားတွေ့လာပါတယ်။

 တိုင်းပြည်က အလုပ်လုပ်ဖို့ပဲ ကျန်ပါတော့တယ်လို့ ပြောလို့ရတယ်။ လုပ်ရမဲ့ အခွင့်အရေးတွေ ကတော့ အလိုလိုတော့ပေါ်လာပြီလို့ ယူဆရတယ်”ဟုဆန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးချစ်ခိုင်ကပြောသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က နယူးယောက်တွင် ကျင်းပလျက်ရှိသည့်(၆၇) ကြိမ်မြောက်ကမ္ဘာ့ကုလသမဂ္ဂ   အထွေထွေညီလာခံကျင်းပစဉ်ကာလအတွင်း မြန်မာ့ပို့ကုန်ပိတ်ဆို့မှု (Import ban)များအား ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း   နိုင်ငံတကာမီဒီယာအသိုင်းအ၀ိုင်းကသိရသည်။

ထိုကဲ့သို့ ပို့ကုန်ပြန်လည်တင်ပို့ခွင့်ပြုလိုက်သည့်အတွက် မြန်မာနိုင်ငံမှအထည်ချုပ်လုပ်ငန်း၊ ငါးလုပ်ငန်း၊ သစ်ထွက်ပစ္စည်းလုပ်ငန်း၊ကျောက်မြတ်ရတနာလုပ်ငန်းနှင့်အခြားကုန်ပစ္စည်းများတင်ပို့ရောင်းချနိုင်တော့မည်ဖြစ်သည်။
အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားခြင်းမှာ နှစ်(၂၀)ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပြီး အစိုးရသစ်တက်လာပြီး   နောက်ပိုင်းစီးပွားရေးနှင့်ပတ်သက်သည့် ပိတ်ဆို့မှုများကို တစ်ဆင့်ပြီး တစ်ဆင့် လျော့ပေါ့ပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော် သမ္မဦးသိန်းစိန်၏ အမေရိကန်နိုင်ငံတွင်ကျင်းပသည့် (၆၇) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံတက်ရောက်နေစဉ်ကာလအတွင်း  မြန်မာပို့ကုန်များအား အမေရိကန်နိုင်ငံမှ ပိတ်ဆို့မှုကို ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံသို့ မြန်မာနိုင်ငံမှပို့ကုန်တင်သွင်းခွင့်နှင့်ပတ်သတ်၍ ဆွေးနွေးညှိနှိုင်းမှုများပြီးစီးပါက တင်သွင်းခွင့်ရသည်နှင့် တပြိုင်နက် မိမိတို့ထံမှ ရေထွက်ပစ္စည်းများ စတင်တင်ပို့မည်ဖြစ်ကြောင်း ANAWA DEVI FISHING AND GENERAL TRADING CO.OPERATIVE LTDမှ ဒေါ်တိုးနန္ဒာတင်က ဆိုသည်။
“ချက်ခြင်းခွင့်ပြတာနဲ့ ဒီကနေပြီးတော့ ချက်ခြင်းပို့လို့ရမှာမဟုတ်သေးဘူးလေ။ Process တွေရှိဦး မှာပေါ့။ 

ပြီးခဲ့တဲ့ တစ်လကျော်   နှစ်လလောက်ကလည်း EU ကနေပြီးတော့ GSP (Generalized System of Preferences) ချပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် မရသေးဘူး။ ဘာမှမထူးလာသေး ဘူးလေ။ 

အဲဒါကြောင့် ချက်ခြင်းခွင့်ပြုတာနဲ့ ချက်ခြင်းပို့လို့ရဦးမှာမဟုတ်သေးဘူး။ ကြားထဲမှာလုပ်ရ မယ့် အဆင့်တွေရှိမှာပေါ့။ ဒီအဆင့်တွေပြီးမှ သွားလို့ရမယ့် သဘောရှိတယ်။”ဟု အဏ္ဏ၀ါဒေ၀ီ ကုမ္ပဏီမှ သွင်းကုန်ပို့ကုန် လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောသည်။

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာလ(၂၆)ရက်နေ့က မြန်မာ့ပို့ကုန် ပိတ်ဆို့မှုနှင့်ပတ်သက်၍   ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template