ဧရာဝတီဘလော့ . ၂၇ရက်နေ့ စက်တင်ဘာ ၂၀၁၂  
 လက်ရှိမြန်မာ့ပို့ကုန်တွေကို
 ဆန်းစစ်လေ့လာချက်အရ ဖိုင်နယ်ရှယ် တိုင်းမ်မှာ အောက်ပါ အတိုင်း တွေ့ရှိ 
ရကြောင်း ဖော်ပြထားတာ ရှိပါတယ်-
၁။ ပဲ – လက်ရှိ အိန္ဒိယဟာ မြန်မာ့ပဲဈေးကွက်ကို ရယူထားတာ ဖြစ်ပါတယ်။ 
၂။ ကျောက်မျက်၊ သစ် – တရုတ်နိုင်ငံက ရယူထားပါတယ်။
၃။ အထည်ချုပ်- ဂျပန်နိုင်ငံက အဓိက ရယူထားပါတယ်။
ပို့ကုန်တင်ပို့မှုမှာလည်း (၁) ဓါတ်ငွေ့ (၇၅%)၊ (၂) ပဲမျိုးစုံ(၁၈%) (၃) 
ကျွန်းနဲ့ သစ်မာ (၁၀%)၊ (၄) အထည်ချုပ် (၆%) (၅) ဆန် (၅%) (၆) ငါး-ပင်လယ်စာ 
(၄%) ဆိုပြီး အစဉ်လိုက် တွေ့ရှိရပါတယ်။
ဒါဆိုရင် အမေရိကန်ကို ဘယ်လို ပို့ကုန်တွေ တင်ပို့လို့ ရမလဲ 
ဖြစ်နိုင်ချေရှိတဲ့ ဆန်တင်ပို့မှုကို ကြည့်ရင် မြန်မာနိုင်ငံဟာ စစ်မတိုင်မီက
 ကမ္ဘာ့နံပါတ်(၁) ဖြစ်ခဲ့ပေမယ့် အခုတော့ ထိုင်းနဲ့ ဗီယက်နမ် က 
ကျော်တက်သွားပါပြီ။ US မှာလည်း ဆန်လုံလောက်ရုံသာမက ပိုလျှံနေတဲ့အတွက် 
အလားအလာ နည်းတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မြန်မာ့ဆန်ဖြူဟာ အိုဟိုင်းယိုးညစာစားပွဲမှာ နေရာယူနိုင်ဖို့ 
မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ မကြာတော့တဲ့ ကာလမှာ ဖြစ်လာနိုင်ချေ 
ရှိတယ်လို့ ဆိုပါတယ်။ ကျောက်စိမ်းလိုမျိုး ကျောက်မျက်တွေ တင်ပို့ဖို့ 
ဆိုရင်လည်း တရုတ်နိုင်ငံက အဓိက ဝယ်ယူနေတာ ဖြစ်ပါတယ်။ ကျောက်စိမ်းဟာ 
တရုတ်လူမျိုးတွေရဲ့ သည်းခြေကြိုက်ဖြစ်နေတာလည်း ပါပါတယ်။
ပတ္တမြားလို ကျောက်မျက်မျိုးကတော့ ဖြစ်နိုင်ချေရှိသော်လည်းပဲ US 
ဝယ်လိုအားဟာ ကမ္ဘာ့ဈေးကွက်ကို သိသိသာသာ ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်း 
မရှိဘူး လို့ ဆိုပါတယ်။ အခြားအဓိက ပို့ကုန်တွေ ဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊ 
သစ်သီးဝလံ၊ လောင်စာ၊ သစ် စတဲ့ အမယ်တွေကျတော့ အာရှဈေးကွက် အပြင်ဘက် ကို 
ထိုးဖောက်ဖို့ ကန့်သတ်ချက် ရှိတယ်လို့ ဆိုပါတယ်။
ဒါဆို မြန်မာနိုင်ငံက ဘာတွေ တင်ပို့လို့ရမလဲ ဆိုရင်တော့- (ရေတိုကာလမှာ) 
အေးခဲထားတဲ့ Seafood တွေ ပို့လို့ ရနိုင်ပါတယ်။ လတ်တလောမှာ ထိုင်းနဲ့ 
ဗီယက်နမ်က ဒီပို့ကုန်ဈေးကွက်မှာ   ဝေစုအတော်များများ ရရှိထားပါတယ်။ 
မြန်မာနိုင်ငံက လည်း အားထုတ်ရင် ရနိုင်တယ် လို့ ဆိုပါတယ်။
(ရေရှည်ကာလမှာတော့) မြန်မာနိုင်ငံဟာ ထိုင်းနဲ့ မလေးရှားတို့လိုပဲ 
အာရှရဲ့ Supply Chain ဖြစ်တဲ့ assembling consumer goods မှာ 
ပါဝင်လာနိုင်ဖွယ်ရာ ရှိတယ်၊ ဂျပန်နိုင်ငံက ကင်မရာထုတ်လုပ်တဲ့ လုပ်ငန်း 
အချို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီ ဖြစ်သော်လည်းပဲ အမှန်တစ်ကယ်မှာ 
ဒီထက်ပိုပြီး များစွာ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှု အလားအလာတွေ ရှိနေတယ် 
လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် မလုံလောက်မှုတွေ 
ရှိနေတာကြောင့် စက်ရုံတွေအတွက် အခက်အခဲဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ပြီးတော့
 ကမ္ဘာ့ကုန်သွယ်ရေးနဲ့ နှစ်ပေါင်းများစွာ အဆက်ဖြတ် ထားခဲ့တာ ဖြစ်တဲ့အတွက် 
ကျွမ်းကျင်လုပ်သား ရှားပါးမှုဟာလည်း နောက်ထပ်စိန်ခေါ်မှု ဖြစ်တယ်လို့ 
ဆိုပါတယ်။
နောက်ဆုံးအခက်အခဲတစ်ခုက အခြေခံအဆောက်အအုံတွေ မပြည့်စုံတဲ့ အချက်လို့ 
ဆိုပါတယ်။ ကားလမ်းတွေ၊ ရထားလမ်းတွေ၊ လေဆိပ်၊ ဆိပ်ကမ်းတွေ အတော်ကို 
လိုအပ်နေသေးတယ်၊ ထားဝယ် ဆိပ်ကမ်းကလည်း ပြီးစီးဖို့ 
နှစ်အတော်ကြာစောင့်ရဦးမယ် လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပို့ကုန်ပိတ်ဆို့မှု ဖယ်ရှားပေးလိုက်ခြင်းကြောင့် 
မြန်မာနိုင်ငံအတွက် အားတက်ဖွယ်ရာ   ဖြစ်လာမှာ မလွဲသော်လည်း 
မြန်မာ့စီးပွားရေး ချက်ချင်း ဦးမော့လာဖို့တော့ မရှိသေးဘူး လို့ဆိုပါ တယ်။ 
မြန်မာနိုင်ငံအနေနဲ့ အာရှကျားတွေလို ပို့ကုန်အခြေပြုတဲ့ စီးပွားရေးကို 
သွားမယ်ဆိုရင် အခြေခံ အဆောက်အအုံတွေ အမြန်ဆုံး မြှင့်တင်နိုင်မှ 
ဖြစ်မယ်လို့ ဆိုပါတယ်။
ပုဂ္ဂလိက ခံစားချက်ကို ပြောရလျှင် နယူးယောက်၊ ဝါရှင်တန်ရှိ 
ရှော့ပင်းမောလ်များသို့ ရောက်ရှိခဲ့စဉ်က အခြားနိုင်ငံများမှ တင်ပို့သည့် 
အဝတ်အထည်များ (Made in Bangladesh တံဆိပ်ပါ အဝတ် အထည် များလည်း ပါသည်) 
များစွာ တွေ့မြင်ခဲ့ရပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံက Made in Myanmar ရှပ်အင်္ကျီ(၁)ထည် 
အမေရိကန်မှာတွေ့မြင် ရခြင်းရဲ့   နောက်ကွယ်မှာ အထည်ချုပ်စက်ရုံထဲက 
အလုပ်သမတွေရဲ့ စကားပြောသံ၊ စက်ချုပ်စက်အသံတွေ၊ သူတို့ညနေ အလုပ်ပြန်ကို 
မျှော်နေတဲ့ ကလေးသူငယ်တွေ အများကြီး ရှိနေပါတယ်။ အမေရိကန်ဆန်ရှင် မပိတ်ခင်က
 ရန်ကုန်က အထည်ချုပ်စက်ရုံတွေဟာ US နဲ့ EU Market ကို အများဆုံး 
တင်ပို့ခဲ့ကြ တာ ဖြစ်ပါတယ်။
သစ်အချောထည်စက်ရုံတွေ ပိတ်ခဲ့ရတာ၊ လက်ဝတ်ရတနာအလုပ်ရုံတွေ ပိတ်သွားတာတွေ 
ကြုံခဲ့ ရပါတယ်။ CMP တွေ ရုတ်ချည်း ကျဆင်းသွားတာ ရှိပါတယ်။ နောက်တစ်ခုက 
ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်က အချက်ပြမှုကိုလည်း ဖော်ညွှန်းပါတယ်။ 
ဘေးတိုက်သက်ရောက်မှုအရ အလားတူု ပိတ်ဆို့ထားတာတွေလည်း 
ရုပ်သိမ်းသွားနိုင်ပါတယ်။
US က အခုလို ပို့ကုန်ပိတ်ဆို့မှု ဖယ်ရှားပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံ 
ဆိုင်ရာမူဝါဒမှာ ထိန်းညှိဆောင် ရွက်နေတဲ့ EU ဘက်ကလည်း သိသာထင်ရှားတဲ့  
ဖြေလျှော့မှုတွေ   ဆောင်ရွက်လာဖို့ မျှော်လင့်နိုင်ပြီ   ဖြစ်ပါတယ်။ 
နောက်တစ်ခုက FDI Law ထုတ်ပြန်တော့မယ့် အချိန်နဲ့ အချိန်ကိုက် ဖြစ်လာတာကို 
သတိချပ်သင့်ပါတယ်။
ဒီ FDI Law နဲ့ပတ်သက်လို့လည်း နိုင်ငံတော်သမ္မတကြီးက 
ပြည်ပရင်းနှီးမြုပ်နှံသူတွေရဲ့ အကျိုး စီးပွား၊ 
ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွား နှစ်ဦးနှစ်ဖက် လက်ခံနိုင်မယ့် 
အနေအထား မျိုး၊ နှစ်ဦးနှစ်ဖက် မထိခိုက်စေမယ့် အခြေအနေ မျိုး၊ 
အခြားသောနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ယှဉ်ပြိုင်နိုင် စွမ်းရှိတဲ့ ဖိတ်ခေါ် 
ကမ်းလှမ်းချက်မျိုး ပါဝင်စေအောင် ပြင်ဆင်ဖြည့်စွက်သင့်တဲ့ အချက်တွေကို 
သဘောထားမှတ်ချက်နဲ့အတူ လွှတ်တော်ကို ပြန်ပို့ထားပါပြီ။
နောက်လ ကျင်းပမယ့် လွှတ်တော်မှာလည်း ဒီဥပဒေကြမ်းကို အလေးပေး 
ဆွေးနွေးကြမှာ ဖြစ်တဲ့အတွက် မကြာမတင်ဥပဒေအဖြစ် ထုတ်ပြန်နိုင်မယ်လို့ 
မျှော်မှန်းထားပါတယ်။ ဒီဥပဒေ ထုတ်ပြန်ပြီးတော့မှ FDI တွေ အမှန်တစ်ကယ် 
စီးဝင်လာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြုပ်နှံကြတဲ့ ပြည်ပရင်းနှီးမြုပ်နှံ 
သူတွေအနေနဲ့ ဈေးကွက်ကန့်သတ်ချက်  မရှိ တင်ပို့ရောင်းချနိုင်မယ်ဆိုရင် 
အရမ်းကိုအပြုသဘော ဆောင်မှာ ဖြစ်ပြီး ပြည်ပရင်းနှီးမြုပ်နှံသူတွေ အနေနဲ့လည်း
 ဈေးကွက်ရွေးချယ်မှုမှာ အခက်အခဲ နည်းပါးစေမှာ ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့
 Zero-Sum Game တော့ မဟုတ်ပါဘူး။ What might the US buy from Myanmar?ကို 
Hmuu Zaw မှီငြမ်းရေးသားသည်။ 
Hmuu Zaw Facebookမှ ကူးယူဖော်ပြပါသည်။
အိမ့်သံစဉ်


No comments:
Post a Comment