ရန်ကုန်ဘင်္ဂလားဒေ့ခ်ျသံရုံးရှေ့တွင် မြန်မာရဟန်းတော်များ တောင်းဆို ဆန္ဒပြ - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, October 5, 2012

ရန်ကုန်ဘင်္ဂလားဒေ့ခ်ျသံရုံးရှေ့တွင် မြန်မာရဟန်းတော်များ တောင်းဆို ဆန္ဒပြ



  ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် အကြမ်းဖက် လူအုပ်စုများက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓဘာ သာဝင် များ နေအိမ်များအား မီးရှို့ ဖျက်ဆီးသည့်အပေါ် မြန်မာ ရဟန်းတော်များက ရန်ကုန်မြို့ရှိ ဘင်္ဂလာဒေ့ခ်ျ သံရုံးရှေ့တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။


ဆန္ဒပြပွဲအား ယနေ့ (အောက်တိုဘာ ၅ရက်) နေ့လည် ၁နာရီအချိန်တွင် ရခိုင် ရဟန်းတော်များ အပါအ၀င်  မြန်မာရဟန်းတော်များနှင့်  ပြည်သူလူထု စုစုပေါင်း ၂၀၀ ခန့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ မွတ်ဆလင်တွေက ဗုဒ္ဓဘာသာကို အခုလို စော်ကားတာကို ဦးဇင်းတို့ အနေနဲ့ အပြင်းအထန် ကန့်ကွက် ရှုတ်ချပါတယ်။ ဒါဟာ လူမျိုးရေး ဖြစ်တာ မဟုတ်ဘူး။ ဘာသာတခုကနေ တခြား ဘာသာတခုကို စော်ကားတာဖြစ်တယ်။ ဒါကို ဘင်္ဂလာဒေ့ခ်ျအစိုးရအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့နဲ့ လုပ်ဆောင်ပေးဖို့လိုတယ် ဆိုတာကို ပြောချင်တဲ့ အနေနဲ့ အခုလို ဆန္ဒပြ ရခြင်း ဖြစ်ပါတယ်´´ ဦးဆောင် ဆရာတော်တပါးက မိန့်ကြားသည်။

ဘင်္ဂလာဒေ့ခ်ျတွင် မီးရှို့ အကြမ်းဖက်ခံရသော် ဘုန်းကြီးကျောင်း ဓာတ်ပုံများ၊ လူနေအိမ် ဓာတ်ပုံများ အပါအ၀င် တခြား ဗုဒ္ဓဘာသာအား စော်ကားထားသော ဓာတ်ပုံ ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒပြ ကန့်ကွက် ခဲ့ကြခြင်းဖြစ်သည်။

ပိုစတာများထဲတွင် မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်မည်ကို ကန့်ကွက်သည့် ပိုစတာများလည်း ပါဝင်ကြောင်း သိရသည်။


၎င်းအပြင် ဘင်္ဂလာဒေ့ခ်ျအစိုးရအား တောင်းဆိုထားသော စာတစောင်ကိုလည်း သံရုံးမှ တာဝန်ရှိသူများအား ပေးအပ်ခဲ့ကြောင်း အဆိုပါ ဆရာတော်မှ ပြောသည်။

နောက်ထပ် ဦးဆောင် ဆရာတော်တပါးဖြစ်သည့် အရှင် ဦးဝိသုရမှလည်း တက်ရောက်လာသူများနှင့် သတင်းထောက်များ ရှေ့တွင် မြန်မာတိုင်းရင်းသား ရဟန်းရှင်လူများမှ တောင်းဆိုသည့် အချက် ၉ချက်ပါ ထုတ်ပြန်ချက်တစောင်ကိုလည်း ဖတ်ကြားခဲ့သည်။

အဆိုပါ တောင်းဆိုချက်များထဲတွင်  ဗုဒ္ဓဘာသာကို စော်ကားခြင်းမှ ရပ်တန့်ရေး။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံရှိ အပြစ်မဲ့ ဗုဒ္ဓဘာသာဝင်များအား သတ်ဖြတ်ခြင်းမှ ရပ်တန့်ရေး။ ဘာသာရေး လွတ်လပ်မူကို လေးစားရေး။

ကမ္ဘာသည် ဘာသာစုံ – လူမျိုးစုံ အတွက်ဖြစ်သည် – မူဆလင် ဘာသာတခုတည်း အတွက် မဟုတ် ဆိုတာကို သိရှိရေး။ ဘာသာရေး အစွန်းရောက်မှု့ကြောင့် တတိယ ကမ္ဘာစစ်မဖြစ်ရန် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အစိုးရနှင့် နိုင်ငံအသီးသီး ခေါင်ဆောင်၊ ပါတီ ခေါင်းဆောင်များမှ ကာကွယ် စောင့်ရှောက်ရေးနှင့်  မြန်မာနိုင်ငံ၌ OIC ရုံးဆောက်လုပ်မည်ကို လက်မခံရေး စသည်တို့  ပါဝင်သည်။


နိုင်ငံတကာ သတင်းမီဒီယာများမှ သတင်းထောက်များနှင့် ပြည်တွင်းသတင်းထောက် ၅၀ ခန့်မှလည်း လာရောက် သတင်းယူခဲ့ကြပြီး ဆန္ဒပြပွဲကို နေ့လည် ၂နာရီအချိန်တွင် အဆုံးသတ်ခဲ့ကြသည်။
မင်းခိုင်မိုက် (ရန်ကုန်)

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template