တရားစွဲသည်ဆိုလျှင် တိုင်းဝန်ကြီးချုပ် ကတိပျက်ကြောင်း ကျော်ကိုကို ပြော - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, October 5, 2012

တရားစွဲသည်ဆိုလျှင် တိုင်းဝန်ကြီးချုပ် ကတိပျက်ကြောင်း ကျော်ကိုကို ပြော



ကြေးနီတောင်စီမံကိန်းရပ်ဆိုင်းရန်နှင့်သိမ်းဆည်းထားသည့်လယ်ယာမြေများ ပြန်လည်ရရှိရေး အတွက်ဆန္ဒထုတ်ဖော်သူများထဲမှ ပြန်လည်လွတ်မြောက်လာသူများကိုလာရောက်စောင့်ဆိုင်း
 နေကြသူများအား မုံရွာမြို့ အကျဉ်းဦးစီး ရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)
  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ခဲ့သူများအား တရားစွဲ ဆိုထားသည်ဟု သတင်းများ ထွက်ပေါ်နေ၍ ထိုသို့ဟုတ်မှန်ပါက တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာ ကတိမတည်ရာ
ရောက်ကြောင်း ဗကသ ကျောင်းသား ခေါင်းဆောင် ကိုကျော်ကိုကို က ပြောသည်။



စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်ရှိသူတဦးက ပုဒ်မ ၁၄၄ ကိုဖောက်ဖျက်ကျူးလွန်မှု၊ စိတ်ညိုညင်အောင်ပြုလုပ်မှု၊ ကုမ္ပဏီ အသရေပျက် နစ်နာစေရန် အကြံစည်ပြုမူဆောင်ရွက်မှု တို့ဖြင့် ဦးဆောင်ပါဝင်သူ ၁၆ ဦးအား အမှုဖွင့်ကြောင်း ပြည်တွင်းသတင်းဌာန တချို့တွင် ဖော်ပြပါရှိလာသည်ကို ဖတ်ရှုရ၍ ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“နောက်ဆက်တွဲ ထပ်မံဖမ်းဆီးခြင်း၊ အရေးယူခြင်း မလုပ်ပါဘူးလို့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်က ကတိပေး တယ်။ အခုကျတော့ ၁၆ ယောက်ကို တရားစွဲဖို့ လုပ်တယ်ဆိုရင် ဝန်ကြီးချုပ် အနေနဲ့ ကတိဖောက်ဖျက်ရာကျတယ် လို့ပြောလို့ရတယ်။ ဒီစီမံကိန်း မရပ်မချင်း၊ ရွာသူရွာသားတွေ နစ်နာနေဦးမယ်ဆိုတာ မှန်ကန်နေသရွှေု့ ကျနော်တို့ လွှင့်ထားတဲ့ အလံ ဘယ်တော့မှ မရုတ်ဘူး” ဟု တရားစွဲဆိုခံထားရသူများထဲမှ တဦးဖြစ်သည့် ကိုကျော်ကိုကို က မဇ္ဈိမကို ပြောသည်။

စက်တင်ဘာလအတွင်းက စီမံကိန်းရပ်ဆိုင်းပေးရန်နှင့် အသိမ်းခံ မြေယာများ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြခဲ့ကြ သည့် ဒေသခံရွာသားများမှာ ဖမ်းဆီး ဖြိုခွဲမှုများ ပြုလုပ်ခံခဲ့ရသည်။
စက်တင်ဘာ ၁၁ ရက်နေ့တွင် ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဝန်ကြီးချုပ် ဦးသာအေးနှင့် ဆွေးနွေးရာတွင် ဆန္ဒပြပွဲများတွင် ပါဝင်ပတ်သက်နေသူများအား နောက်ဆက်တွဲ
အရေးယူမှုများ မလုပ်ရန်ပြောဆိုခဲ့ရာ ဝန်ကြီးချုပ်မှ အရေးယူမည် မဟုတ်ကြောင်း နှုတ်ကတိ ပေးခဲ့သည်။

ထိုသို့ ဝန်ကြီးချုပ်၏ နှုတ်ကတိ တလမပြည့်မီ ယခုကဲ့သို့ တရားစွဲဆိုထားသည် ဟူသော သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“တရားဝင် ခေါ်စာ မရသေးဘူး။ ကျနော်တို့က ရွာသူရွာသားတွေရဲ့ နစ်နာချက်ကို ဖော်ထုတ်တာ။ ဦးပိုင်လီမိတက်ကို နစ်နာအောင် လုပ်တာမဟုတ်ဘူး။ အဖွဲ့အစည်းတခုကို နစ်နာအောင်လုပ်တာ မဟုတ်ဘူး။ နာမည်ဖျက်တာ မဟုတ် ဘူး။ လုပ်ရပ်မှန်တယ်မမှန် ဘူး။ အများပြည်သူ အကျိုးစီးပွား ထိခိုက်တယ်၊ မထိခိုက်ဘူး ဆိုတာမူတည်ပြီးတော့ ခုခံကာကွယ်ပါမယ်” ဟု ကိုကျော်ကိုကို က ပြောသည်။

ပြည်သူ့ အကျိုးဆောင် ကွန်ယက် ခေါင်းဆောင် ကိုဟန်ဝင်းအောင် ကမူ ၎င်းတို့အား တရားစွဲဆိုထားခြင်းကို မသိရှိရသေးသော်လည်း အမှန်တကယ် တရားစွဲပါက ရင်ဆိုင်ရန် ဝန်မလေးကြောင်း ပြောသည်။
“ပြည်သူတွေရဲ့ လိုလားချက်ကို တရားသော နည်းလမ်းနဲ့ ပါဝင်ပြီးတော့ ကူညီခဲ့ကြတယ်။ အဲဒီအပေါ်မှာ ကျနော် တို့ကို တရားစွဲမယ်ဆိုရင် ကျနော်တို့က ရင်ဆိုင်သွားမှာပါ။ သူတို့ဘက်က မတရားလုပ်ခဲ့တဲ့ ကိစ္စတွေ ဦးပိုင် ကုမ္ပဏီကော၊ မြန်မာဝမ်ပေါင် တရုတ်ကုမ္ပဏီကိုပါ လူထုဘက်ကနေ တရားပြန်စွဲတုန့်ပြန်
သွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။စက်တင်ဘာလအတွင်းကလည်း ကွန်ယက်အဖွဲ့ဝင်များဖြစ်သည့် ကိုဟန်ဝင်းအောင်၊  ကိုအောင်စိုး တို့အား အာဏာပိုင်များက ဆားလင်းကြီးဒေသ လက်ပံတောင်းတောင် စီမံကိန်းတွင် သွေးထိုးလှုံဆော်သည်ဟုဆိုကာ ဖမ်းဝရမ်း ထုတ်ထားခဲ့ဖူးသည်။

ကြေးနီတောင်စီမံကိန်းသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်းတို့ ဖက်စပ်လုပ်ဆောင် သည့် စီမံကိန်းတခုဖြစ်ပြီး အဆိုပါစီမံကိန်းကြောင့် အသိမ်းခံလိုက်ရသည့် လယ်ယာဧကပေါင်း ၇,၈ဝဝ ကျော်အတွက်တောင်သူများက မကျေနပ်၍ ဇွန်လမှ စတင်ကာ ပြီးခဲ့သည့်
 စက်တင်ဘာလ အထိ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။
နေမျိုး

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template