မြစ်ဆုံထက် ကြီးသော ရေအားလျှပ်စစ် စီမံကိန်း သံလွင်မြစ်၌ တည်ဆောက်မည် - NAING NAING SANAY MYANMAR NEWS
Headlines News :

Saturday, October 6, 2012

မြစ်ဆုံထက် ကြီးသော ရေအားလျှပ်စစ် စီမံကိန်း သံလွင်မြစ်၌ တည်ဆောက်မည်

Than_Lwin_Damရပ်ဆိုင်း ထားသည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းထက် ကြီးသော ရေအား လျှပ်စစ် စီမံကိန်း တစ်ခုကို သံလွင် မြစ်ပေါ်တွင် တည်ဆောက်ရန် ပြင်ဆင် နေကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြောသည်။ အဆိုပါ စီမံကိန်းသည် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် တာဆန်းတွင် တည်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၁၀၀ ထုတ်ယူ နိုင်မည်ဟု သိရသည်။ “ဒီနေရာမှာ ကျောက်တောင်တွေပဲ ရှိတယ်။ ပြောင်းရွှေ့ရမယ့် ဒေသခံ အနေအထား ကလည်း အနည်း ဆုံးနေရာ ဖြစ်နေတယ်” ဟု အဆိုပါနေရာကို ရွေးချယ်ရခြင်း အကြောင်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ်က ပြောသည်။


အဆိုပါ စီမံကိန်းကို ယခင်က အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်ရန် လျာထားခဲ့သော်လည်း ယခုအခါတရုတ် ကုမ္ပဏီနှင့် မြန်မာ လုပ်ငန်းရှင်များ ပူးပေါင်း လုပ်ဆောင်နေသည်ဟု သိရသည်။ အဆိုပါ စီမံကိန်းကို သံလွင်မြစ်ပေါ် တွင် တာတမံနှစ်ဆင့် တည်ဆောက်မည် ဖြစ်ပြီးမြန်မာနိုင်ငံတွင် ယခုလက်ရှိ အသုံးပြုနေသော လျှပ်စစ် ပမာဏ၏ နှစ်ဆကျော် ထုတ်ယူ နိုင်သည်ဟု ဝန်ကြီး ချုပ်က ပြောသည်။

မိုင်းတုံမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ် စား လှယ် ဦးစိုင်းဝင်းမြတ်ဦးက “ဒီစီမံကိန်းက ထွက်ရှိ လာတဲ့ လျှပ်စစ် ဓာတ်အားတွေကို ရှမ်းပြည်နယ် အတွက် အသုံးပြုပေးပြီးတော့ ရရှိလာတဲ့ အကျိုးအမြတ် တချို့ကိုပြည်နယ် ဖွံ့ဖြိုးရေးရန် ပုံငွေအတွက် ထည့်ဝင်ပေးမယ် ဆိုရင်တော့ ကန့်ကွက်စရာ မရှိပါဘူး” ဟု ပြောသည်။ အဆိုပါ ဆည်တမံ ဆောက်လုပ်မည့်ကိစ္စကို အင်န်ဂျီအိုတချို့မှ ယခင်က ကန့်ကွက်မှုများ ပြုလုပ် ထားသော်လည်း ရှမ်းတိုင်းရင်းသား လက် နက်ကိုင် RCSS နှင့် ငြိမ်းချမ်းရေး ဆွေးနွေး မှုများပြေလည်ပြီးပါက စီမံကိန်း ဖြစ်မြောက် လာနိုင်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ စီမံကိန်း ဆောက်လုပ်မည့် နေရာသည် ယခင်က နယ်မြေ မတည်ငြိမ်မှုကြောင့် ပြည်သူ အများစုမှာ ပြောင်းရွှေ့ သွားခဲ့ရပြီး တောင်နှစ်လုံးကြားတွင် တည်ရှိ၍ လယ်မြေ အနည်းငယ်သာ ရှိကြောင်း ၎င်းက ပြောသည်။ ရှမ်းပြည်နယ် ဝန် ကြီးချုပ် ဦးစဝ်အောင်မြတ်က အဆိုပါ စီမံကိန်းမှ ထွက်လာမည့် လျှပ်စစ်ဓာတ်အားများကို ရှမ်းပြည်နယ်အနှံ့ သွယ်တန်း၍ မဟာ ဓာတ်အား လိုင်းသို့လည်း ချိတ်ဆက် သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ စီမံကိန်းကို ဖော်ဆောင်နေသောပြည်တွင်း ပြည်ပ ကုမ္ပဏီများမှာ CTGC၊ IGOEC နှင့် EGAT တို့ဖြစ်ကြောင်း ၂၀၁၂ ခုနှစ်အောက်တိုဘာ ၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template