အချိန်ပိုသင်ကြားကာ ကျောင်သူ၊ ကျောင်းသားများထံ ငွေကောက်ခံ - NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, October 2, 2012

အချိန်ပိုသင်ကြားကာ ကျောင်သူ၊ ကျောင်းသားများထံ ငွေကောက်ခံ



KyawPhyuရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ညနေကျောင်းဆင်းချိန် (၄း၀၀)ပြီးနောက်ပိုင်း အချိန်ပိုသင်ကြားခြင်းဟု သတ်မှတ်ကာ အစိုးရအခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်(၂)(မြို့မကျောင်း)မှ ဆရာ၊ ဆရာမများ ကျောင်းသူ/ကျောင်းသားမျာတွင် အခကြေးငွေ ကောက်ခံနေကြောင်း သတင်းရရှိသည်။


အတန်းပိုင် ဆရာမများ၏နေအိမ်တွင် မူလတန်းအဆင့်မှ အလယ်တန်းအဆင့်အထိ မည်သည့်ကျောင်းသားကိုမဆို ကျောင်းသားတစ်ဦးကို တစ်လလျှင် (၅၀၀၀) ကျပ်ဖြင့် တစ်မျိုး ၊အထူးဝိုင်းအနေနှင့် (၁၀၀၀၀)တန်ဟု တစ်မျိုး တစ်နာရီခန့်မျှ၊ နေ့စဉ် ညနေဖက်တွင် သင်ကြားလျှက်ရှိကြောင်း ကျောင်းသားမိဘ များထံမှသိရှိရသည်။

အခြေခံပညာရေး ၀န်ကြီးဌာနမှ မူလတန်းအဆင့်အား အခမဲ့ပညာရေးစနစ်ဟု သတ်မှတ်ထားသော်လည်း ကျောက်ဖြူမြို့နယ်ရှိ ထိုအမှတ်(၂) အလယ်တန်းကျောင်းတွင်မူ ပုံမှန်ကျောင်းဆင်းချိန် အပြီးနောက်တွင် ဆရာဆရာမများ၏နေအိမ်တွင် ဆက်လက်၍ လစဉ်လခနှုန်းအမျိုးမျိုးဖြင့် ညကျောင်းကျူရှင်ဟု သတ်မှတ်၍ သင်ကြားလျှက်ရှိ ကြောင်းသိရသည်။

တစ်လလျှင် တစ်သောင်းကျပ်ဖြင့် တက်ရောက်သော ကျောင်းသားများကို လပတ်စာမေးပွဲများနှင့် နှစ်ဝက်စာမေးပွဲများ၏ မေးခွန်းများကို အတိအကျ ထုတ်ပေးပြီး အဆင့်ကောင်းကောင်းပေးခြင်းများ ပြုလုပ်လျှက်ရှိကာ၊ တစ်လလျှင် ငါးထောင်တန်ဝိုင်းတက်သော စာတော်သည့် ကျောင်းသား/သူများကို တစ်သောင်းတန်ဝိုင်းမှ ကျောင်သားများအောက် အမှတ်လျော့ပေးခြင်း၊ အဆင့်လျော့ခြင်း များပြုလုပ်နေသည်ဟု သိရှိရသည်။

ချို့တဲ့နွမ်းပါးကြသည့် ကျောင်းသားများမှာမူ၊ မည်သည့်စာမေးပွဲ မေးခွန်းမျှမရရှာပဲ၊ စာမေးပွဲဖြေဆိုရာတွင်၊ ကျောင်းကျူရှင် တက်ရောက်ကြသော၊ ကျောင်းသားများနှင့် အလွန်ပင်ကွာခြားနစ်နာကြ၍ မမျှတသောစာမေးပွဲများကို ဖြေဆိုနေကြရပါသည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောပြပါသည်။
အခြေခံပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း၊ ကျောင်းသားများထံမှ လခယူ၍ သင်ကြားနေကြခြင်း၊ တစ်လလျှင် တစ်သောင်းကျပ်ဖြင့် တက်ရောက်သော ကျောင်းသားများကိုသာ လစဉ်စစ်ဆေးသော လပတ်စာမေးပွဲများနှင့် နှစ်ဝက်စာမေးပွဲများ၏ မေးခွန်းများကို အတိအကျ ထုတ်ပေးခြင်းကို ထိရောက်စွာ တားမြစ်အရေးယူသင့်ပါကြောင်း ကျောင်းသားမိဘများက ပြောသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template