- NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, June 19, 2012

အသေးစားကမ္ဘာမြေ လေ့လာရေးဂြိုလ်တု တလုံးဂျပန်မှမြန်မာနိုင်ငံသို့လှူဒါန်းမည်။

From : ခေတ်လူငယ်

ဂျပန်နိုင်ငံ အခြေစိုက် Marubeni Aerospace Corporation အဖွဲ့မှ မြန်မာနိုင်ငံသို့ အသေးစားကမ္ဘာမြေ လေ့လာရေးဂြိုလ်တု ASNARO Satellite တစ်လုံး လွှတ်တင်ကာ လှူဒါန်းသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ ဂြိုလ်တုလွှတ်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဝန်ကြီးဌာန ရှစ်ခုနှင့် ဂျပန်ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၀ ရက်မှ ၂၀ ရက်အထိ ပထမအကြိမ် အကြိုညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လာမည့်စက်တင်ဘာတွင် ဒုတိယအကြိမ် အသေးစိတ် ညှိနှိုင်းမှုများ ပြုလုပ်ပြီးသည်နှင့် ၂၀၁၂ ဒီဇင်ဘာတွင် လွှတ်တင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 “ညှိနှိုင်းမှုတွေ မြန်ရင်မြန်သလို အကောင်အထည် ပေါ်လာမှာပါ။ လာမယ့် စက်တင်ဘာမှာ ထပ်ဆွေးနွေးပြီးတာနဲ့ နှစ်ကုန်ရင် လွှတ်တင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။ အဆိုပါ ဂြိုလ်တုသည် ကမ္ဘာမြေပြင်အထက် ၅၀၄ ကီလိုမီတာအမြင့်မှ ဝင်ရိုးစွန်းသို့ လည်ပတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံပေါ်သို့ ပြန်လည်ရောက်ရှိရန် ငါးရက်ကြာမြင့်မည် ဖြစ်သည်။ ထို့အတွက် မြန်မာနိုင်ငံအနေဖြင့် သတင်းအချက်အလက်များကို ငါးရက်လျှင် တစ်ကြိမ်နှုန်း လက်ခံရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ “အရင်က မိုးလေဝသနဲ့ ပတ်သက်တဲ့ ဒေတာတွေကိုတော့ WMO (ကမ္ဘာ့မိုးလေဝသအဖွဲ့)ကနေ ရတာပေါ့။ ဌာနတွေကတော့ ဒေတာတွေကို ဂြိုလ်တုတွေကတစ်ဆင့် ဝယ်ကြရတာပဲ။ အခု အဲဒီလိုမဝယ်ရတော့ဘဲ သတင်းအချက်အလက်တွေ တိတိကျကျ ရနိုင်တော့မှာပေါ့။ အရင်နဲ့ ကွာတာက ဥပမာ- မိုးလေဝသ သတိပေးချက်တွေမှာဆိုရင် အရင်က Early Warning အတွက်ပဲရပြီး Forecast တွေ ပြန်စစ်တဲ့အခါမှာ ကွင်းဆင်းကောက်ရတယ်။ အခု အဲဒီလို မဟုတ်တော့ဘဲ ဂြိုလ်တုကနေ ချက်ချင်း ပြန်စစ်နိုင်တော့မှာပါ” ဟု ကိုယ်ပိုင်ဂြိုလ်တု လွှတ်တင်နိုင်ခြင်း၏ အားသာချက်များနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက သုံးသပ်ပြောကြားသည်။ အဆိုပါ ဂြိုလ်တု လွှတ်တင်ရာတွင် မြန်မာနိုင်ငံတွင် အာကာသမှ အဝေးအာရုံခံစနစ်နှင့် ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထားရှိမည့် မြေနေရာ (Ground Station) အား နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များမှ အသင့်တော်ဆုံး တစ်နေရာတွင် လျာထားကာ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မည်သည့်နေရာတွင် တည်ဆောက်မည်ကိုမူ ဆုံးဖြတ်ချက် မချရသေးကြောင်း သိရှိရသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template