နစ်နာသူ တစ်ထောင်ကြားက မြို့တော်ဝန်ကို ကယ်ထုတ်ခဲ့တဲ့ မန်း(၈၈)
Myitmakha Media Group, 24 September 2012
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ကံကြီးကုန်းကျေးရွာတွင် ကျူးကျော်များဖယ်ရှား ခိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ (၈၈)မျိုးဆက် မန္တလေးအဖွဲ့နှင့် မန်းစည်ပင်အကြား သဘောတူညီချက် တစ်စုံတစ်ရာ ရယူထားခြင်း မရှိကြောင်း မြို့တော်ဝန်က ဆိုသည်။
မန္တလေးမြို့တော်စည်ပင်ရုံးတွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မြို့တော်ဝန် ဦးအောင်မောင်း က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“အောက်ထဲမှာ လူတွေအများကြီးထဲကို ကျွန်တော့်အသံက ဘယ်လိုမှ မပေါက်တော့ ဘုန်းကြီး ကျောင်းအပေါ် တက်သွားတဲ့အခါမှာ ရှစ်ဆယ့်ရှစ်အဖွဲ့နဲ့တွေ့တာပါ ၊ ဘာသဘောတူထားတာမှ မရှိပါဘူး “ ဟု မြို့တော်ဝန် က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်ပြီးမြို့တော်ဝန်က အဆိုပါအဖွဲ့နှင့်တွေ့ဆုံရာတွင် ၎င်းအား အရင်အချိန်ကတည်းက ယခု ကိစ္စဖြစ်နေသည့်အပေါ် အရေးမယူခဲ့သည်ကို (၈၈)က မေးမြန်းခဲ့သဖြင့် ၎င်းအနေဖြင့် ဖြစ်ပြီးသား ကိစ္စများထက် ရှေ့ဆက်သွားရန်သာ အကြံပေးကြရန် ပြောဆိုခဲ့ကြောင်းကိုလည်း ဆက်ပြောခဲ့သည်။
“မန္တလေးမြို့ကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတဲ့အချိန်မှာ နောက်က ဘယ်လိုဖြစ်ခဲ့တာတွေ ကျွန်တော့်ကို မပြောပါနဲ့တော့ လို့ပဲ ပြောခဲ့တယ်”ဟု မြို့တော်ဝန်က ဆက်ပြောသည်။
စက်တင်ဘာ (၂၂) နေ့လည်(၁)နာရီက ကံကြီးကုန်းရှိ မကွေးဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ် သော မြို့တော်ဝန်နှင့် ကျူးကျော်များတွေ့ဆုံပွဲအပြီးတွင် နစ်နာသူများက မြေနေရာ ပြန်လည် ရလိုမှုဖြင့် မြို့တော်ဝန်၏ ကားတန်းကို ပိတ်ဆို့ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပိတ်ဆို့ထားမှုသည် (၂)နာရီခန့် ကြာမြင့်ခဲ့ပြီနောက် မန်း(၈၈)အဖွဲ့၏ နစ်နာသူများအပေါ် ကြေညာပေးခဲ့ မှုကြောင့် ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့သည်။
မြေယာနစ်နာသူများ၏ ပိတ်ဆို့ဆန္ဒထုတ်ဖေါ်မှုကြောင့် နှစ်နာရီနီးပါးပိတ်မိနေသော မန္တလေးမြို့တော်ဝန်၏ အိမ်အပြန်ခရီးစဉ်မှာ မန်းရှစ်ဆယ့်ရှစ်မျိုးဆက်၏ ၀င်ရောက်ဖြေသိမ့်ပေးမှုဖြင့် အဆင်ပြေချောမွေ့ခဲ့ရသည်။
ပြည်ကြီးတံခွန် ၊ ကံကြီးကုန်းကျေးရွာရှိ မကွေးကျောင်းတိုင်တွင် ပြုလုပ်သော မြို့တော်ဝန်နှင့် နစ်နာ သူများတွေ့ဆုံပွဲအပြီးတွင် နစ်နာသူ(၁)ထောင်ခန့်က မြို့တော်ဝန်၏ကားတန်းကိုပိတ်ဆို့ဆန္ဒပြခဲ့သည့်အပေါ်တွင် ဖြေရှင်းပေးခဲ့ခြင်း ဖြစ်သည်။
“လုံလောက်တဲ့အာမခံချက်မျိုးမရမခြင်း ကျွန်တော်တို့ လမ်းပြန်ဖွင့်မှာမဟုတ်ပါဘူး” ဟု ဆန္ဒ ထုတ်ဖေါ်မှုတွင် ပါဝင်သူကိုဌေးလှိုင်က ပြောသည်။
လူအုပ်ကြီးမှာ လုံထိန်းကား ၊ ရှေ့ပြေးကားများအကြားတွင် ၀င်ရောက်ပိတ်ဆို့ခဲ့ပြီး နိုင်ငံတော် သီချင်း သီဆိုခြင်း ၊ နေရာပြန် လည်ချထားပေးခြင်းများကို ကြွေးကြော်သံများဖြင့် တောင်းဆိုခြင်းများကို အဆက် မပြတ် ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရသည်။
“ယောက်ျားတွေကို သူခိုးတွေဖြစ်အောင် ၊ မိန်းမတွေကို မကောင်းတာဖြစ်အောင် လုပ်တဲ့ ပုံစံဖြစ်နေပြီ ၊ အိပ်စရာ နေရာမရှိလို့ ၊ လမ်းပေါ်ဖျာခင်း အိပ်နေရတယ် ” ဟု အမျိုးသမီးတစ်ဦးက ဒေါသဖြစ်ကာ အော်ဟစ်နေသည်။
ပိတ်ဆို့ဆန္ဒထုတ်ဖော်ခံခဲ့ရသည့် မြို့တော်ဝန်မှာ ကားပေါ်မှကာ ဘုန်းကြီးကျောင်းအပေါ်ထပ်သို့ အလျင်အမြန်တက်ရောက်ကာ မကွေးကျောင်းထိုင်ဆရာတော်နှင့် သွားရောက် စကားပြောခဲ့ကြောင်း ကိုလည်း သိရသည်။
အဆိုပါဘုန်းကြီးကျောင်းအပေါ်ထပ်တွင် မန်းရှစ်ဆယ့်ရှစ်အဖွဲ့သားများလည်း ရှိနေကြောင်းသိရပြီး ဆွေးနွေးညိနှိုင်းမှုများ ပြုလုပ်နေခြင်းဖြစ်နိုင်သည်ဟု နစ်နာသူများကယူဆခဲ့သည်။
“ကျွန်တော်တို့ နစ်နာတာတွေကို ကျောင်းသားအဖွဲ့ကို ပြောထားပါတယ် ၊ သူတို့က လိုက်ကူညီတာပေါ့” ဟု အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးက သတင်းထောက်များကို ပြောသည်။
ဒေါသဖြစ်နေသောလူအုပ်သည် ၎င်းတို့၏ ပိတ်ဆို့မှုကို ပြန်ဖွင့်ရန်ဆန္ဒရှိပုံမပေါ်ပဲ သေချာတိကျသည့် ဂတိက၀တ်တစ်ခု လိုချင်နေကြောင်းကိုလည်း ၄င်းတို့ထံက သိရသည်။
ထိုအချိန်တွင် မြို့တော်ဝန်နှင့်အဖွဲ့မှာ ဘုန်းကြီးကျောင်းအပေါ်ထပ်မှ ထွက်ပေါ်လာပြီး လက်ကိုင်စပီ ကာဖြင့် လူအုပ်ကို စကားပြောသည်။
“ခင်ဗျားတို့ မင်းမဲ့စရိုက်ဆန်ဆန် မလုပ်ပါနဲ့ ၊ အချိန်တစ်ပတ်ကြီးများတောင် ပေးထားပြီးသားပဲ ၊ အေးအေးဆေးဆေး လုပ်ကြပါ ၊ အဲဒီလိုမှ ပြောမရရင် ကျွန်တော်တို့ အပြစ်မပြောပါနဲ့” ဟု စိတ်တို စပြုလာသော မြို့တော်ဝန်က တိကျပြတ်သားစွာ ပြောသည်။
လုံထိန်းအဖွဲ့သည် မြို့တော်ဝန်ပြန်လည်ထွက်ခွာနိုင်ရေး ပြင်ဆင်သည့်အနေဖြင့် လုံခြုံရေးကြိုးတန်းကို ဖြန့်ကိုင်ကာ လူအုပ်ကြားထဲသို့ တိုးဝင်သည်။
နောက်ဆုတ်မည့်ပုံ မပေါ်သောလူအုပ်မှာ ပိတ်ဆို့မြဲ ပိတ်ဆို့လျှက်ရှိပြီး ၊ ၄င်းတို့ လိုချင်တာ မရမခြင်း ဖယ်ပေးမည့်ပုံကိုမပြပဲ အခြေအနေကို စောင့်ကြည့်နေသည်။
လက်ကိုင်စပီကာမှ အသံထပ်မံထွက်ပေါ်လာပြီး ထိုအသံက လူအုပ်ကို စိတ်ပြောင်းသွားစေခဲ့ကြောင်း တွေ့ရသည်။
“နားလည်ပေးကြပါ ၊ တစ်ပတ်တောင် အချိန်ပေးထားပါတယ် ၊ ဒီလိုသာဆက်လုပ်နေရင် ကျွန်တော်တို့ အလုပ်ဆက်လုပ်လို့ ရမှာမဟုတ်ပါဘူး ၊ လမ်းဖွင့်ပေးလိုက်ကြပါ။ ” ဟု မန်းရှစ်ဆယ့်ရှစ်မှ တစ်ယောက်က လူထုကို ပြောသည်။
ထို့နောက်မြို့တော်ဝန်နှင့်အဖွဲ့ပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် မြေယာနစ်နာသူများလည်း ထွက်သွားကြသည်။
မင်းမင်းလတ်-မန္တလေး(မြစ်မခ)
No comments:
Post a Comment