ရမည်းသင်းခရိုင် မိုးထိ မိုးမိဒေသတွင် သတ္တုမြို့ငယ်သစ် တည်ဆောက်ကာ နိုင်ငံတကာအဆင့်မီ အကြီးစားသတ္တုသိုက်တစ်ခုအဖြစ် ဖော်ဆောင်သွားမည်
အေးချမ်းမွန်
မိုးထိ မိုးမိဒေသကို တွေ့ရစဉ်
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် မိုးထိ မိုးမိဒေသ၌ သတ္တုမြို့ငယ်သစ် တည်ဆောက်ကာ နိုင်ငံတကာအဆင့်မီ အကြီးစားသတ္တုသိုက်တစ်ခုအဖြစ် ဖော်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။ ၁၂၂ ဧက အကျယ်အ၀န်းရှိသော သတ္တုမြို့ငယ်တည်ဆောက်ရာ၌ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများ၊ ရုံးခန်းများ၊ ရဲစခန်း၊ စာသင်ကျောင်းနှင့် ဆေးရုံများပါဝင်မည်ဖြစ်ရာ နိုင်ငံတကာ သတ္တုမြို့ အင်္ဂါရပ်များနှင့်အညီ ပြုလုပ်ဆောင်ရွက်သွားမည်ဟု စက် တင်ဘာလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ မီဒီယာများအား တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။ ''သတ္တုမြို့ငယ် တည်ဆောက်ဖို့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနကနေ လျှောက်ထားပြီး အကောင်အထည်ဖော်နေပါပြီ။ မြေသားရှင်းလင်းတဲ့ လုပ်ငန်းတွေ စတင်နေပြီ။ မြို့ငယ်ပုံစံကိုလည်း ရန်ကုန်မှာ ချိုးထားတယ်။ နိုင်ငံတကာအဆင့်မီ သတ္တုတွင်း ပုံစံမျိုးပြုလုပ်သွားမှာဖြစ်တဲ့အတွက် လူနေတာက သီးသန့်၊ စီမံကိန်းလုပ်ကွက်နေရာက သီးသန့်ဖြစ်သွားမယ်။ နိုင်ငံတကာမှာ ဒီအတိုင်းပါပဲ။ စီမံကိန်း လုပ်ကွက်နေရာမှာ လူနေအိမ် မရှိပါဘူး။ ရွှေလုပ်သားဝန်ထမ်းတွေကိုလည်း နေ့ဆိုင်း၊ ညဆိုင်းခွဲထားပြီး ကယ်ရီတွေနဲ့ လုပ်ကွက်ထဲကို ပို့ပေးမယ်။ နမ္မတူ၊ ဘော်တွင်းသတ္တုတွင်းမှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်''ဟု အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ စီမံကိန်းဒါရိုက်တာ ဦး ထွန်းအောင်စိုးက ပြောကြားသည်။ သတ္တုမြို့ငယ်သစ် တည်ဆောက်ပြီးစီးပါက ကုမ္ပဏီဝန်ထမ်း ၈၈၁၁ ဦး၏ ဈေးဆိုင်တန်းများနှင့် လူနေအိမ်များကို အခမဲ့ နေထိုင်ရောင်းချခွင့်ပေးမည်ဖြစ်ပြီး ပြင်ပမှ ဈေးဆိုင်တန်းများကို လခစားအငှားစနစ်ဖြင့် ချထားပေးမည်ဖြစ်ကြောင်း၊ သြဂုတ်လ ၁၇ ရက်နေ့အထိ သတ္တုမြို့ဈေးဆိုင်ခန်း လျှောက်ထားမှုမှာ ၂၉၁ ခန်းရှိကြောင်း သိရသည်။ မိုးထိ၊ မိုးမိ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းကို ၂၀၀၀ ပြည့်နှစ်ခန့်၌ ကနေဒါနိုင်ငံ အိုင်ဗင်ဟိုးကုမ္ပဏီနှင့် နိုင်ငံတော် ဖက်စပ်လုပ်ကိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အိုင်ဗင်ဟိုးကုမ္ပဏီ ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ငါးနှစ်အတွင်း ရွှေတန်ချိန် ၅ ဒသမ ၅၇၇ တန်ဖြင့် အများဆုံး လေလံပေးကာ အကြီးစားရွှေသတ္တုတူးဖော်လုပ်ကိုင်ခွင့်ကို နိုင်ငံတော်အစိုးရနှင့် အကျိုးတူလုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုနိုင်ခဲ့ ကြောင်း သိရသည်။



No comments:
Post a Comment