မူးယစ်ဆေးဝါး ငွေကျပ်သိန်းပေါင်း ၃၅၂၀ တန်ဖိုး ဖမ်းဆီးရမိ - NAING NAING SANAY MYANMAR NEWS
Headlines News :

Sunday, September 30, 2012

မူးယစ်ဆေးဝါး ငွေကျပ်သိန်းပေါင်း ၃၅၂၀ တန်ဖိုး ဖမ်းဆီးရမိ




စက်တင်ဘာလ ၂၆ ရက်နေ့ ၁၁ နာရီအချိန် ဆင်ကျော့ ပြည်သူ့စစ်အဖွဲ့မှ စိုင်းပညာဦးစီး ၈ ဦးသည် မူးယစ်ဆေးဝါး သတင်းအရလားရှိုးမြို့ နယ်၊ နောင်မွန် ကျေးရွာအုပ်စု၊ ဟန်နားကျေးရွာရှိ ဗြုံးကျင်း အဟောင်းတွင် ကင်းပုန်းဝပ် စောင့်ဆိုင်းနေခဲ့ပါသည်။ထိုအချိန်တွင် ပုသိမ်ကြီး မြို့နယ်၊ ကျောက်ချောရွာတွင် နေသူ ယာဉ်မောင်း ဝင်းမင်းဦး (၃၅)နှစ် (ဘ) ဦးတင်နွဲ့နှင့် ယာဉ်နောက်လိုက် ချစ်ကိုဦး (၂၄) နှစ် (ဘ) ဦးမောင်ကို၊ ယာဉ်အမှတ် ၊ ၁က/၄၄၀၈ ကွန်ဒါ (အဖြူရောင်)ယာဉ်နှင့် ရောက်ရှိလာပြီး ယာဉ်ပေါ်မှ မြွေရေခွံအိတ် (၈)လုံးအား ချပြီး စောင့်ဆိုင်းနေခဲ့ပါသည်။ 
 
မကြာမီ တန့်ယန်းမြို့နယ်၊ ဝမ်ဟောင်ရွာတွင် နေထိုင်သော ယာဉ်မောင်း စံလူ (၃၂)နှစ် (ဘ)ဦးပန်းဆာ မောင်းနှင် လာသည့် ယာဉ်အမှတ် ၊ ၃ဂ/ ၆၃၁၅ တိုက်ဂါး အမျိုးအစား (၁)ခန်းခွဲ (အပြာရောင်)ယာဉ် ရောက်ရှိလာပြီး အိတ်များအား ကားပေါ်သို့ တင်ဆောင်နေသည်ကို တွေ့ရှိရ၍ အသင့်စောင့် ဆိုင်းနေသော ပြည်သူ့စစ်အဖွဲ့များမှ ဝိုင်းဝန်းဖမ်းဆီးရာ ယာဉ်အားမောင်းနှင် ထွက်ပြေးကြ သဖြင့် အမ် -၂၂ သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ပါသည်။

နောင်မွန်းရဲစခန်းမှ ဒုတိယ ရဲအုပ် သန်းစောဦး၊ လားရှိုးမူးယစ် (အထူး) အဖွဲ့မှ ရဲအုပ် တင်အေး၊ လားရှိုးခရိုင် (ဒ/န)မှ ဒုတိယရဲအုပ် ငြိမ်းဆွေ၊ နောင်မွန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းစံနှင့် နောင်မွန် ပြည်သူ့စစ် ဦးမောင်ဌေးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖြစ်စဉ်နေရာသို့ အချိန်မီရောက်ရှိပြီး စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။


မူးယစ်ဆေး သယ်ဆောင်သူများ ထွက်ပြေးရာတွင် ပစ်ခတ်မှုကြောင့် ယာဉ်မောင်း စံလူ၊ ဝဲဘက်နံရိုး ထိမှန်ဒဏ်ရာနှင့် ဝဲလက်မောင်းရှပ်ထိ ဒဏ်ရာ (မစိုးရိမ်ရ) နှင့် ကွန်ဒါကား ယာဉ်နောက်လိုက် ချစ်ကိုဦး၊ ယာလက်သူကြွယ် ရှပ်ထိဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ) တို့ ရရှိခဲ့သည်။


မူးယစ်ဆေးများ စစ်ဆေးရာတွင် ယာဉ်မောင်း ချစ်ကိုဦး ယူဆောင်လာသော အိတ်(၈) လုံးအား စစ်ဆေးရာ ဆူဒိုအက်ဖီဒရင်းဟု ယူဆရသော ဆေးပြားများကို အိတ်(၁)လုံးလျှင် ၂ သိန်း ၂ သောင်းနှုန်းဖြင့် စုစုပေါင်း မူးယစ်ဆေးပြားပေါင်း တစ်ဆယ့်ခုနစ်သိန်း ခြောက်သောင်း (၁၇၆၀၀၀၀) သိမ်းဆည်း ရမိပြီး ကာလပေါက်ဈေး ငွေကျပ် သိန်းပေါင်း ၃၅၂၀ ခန့်ရှိကြောင်း သိရှိရပါသည်။


ဖြစ်စဉ်မှ ဒဏ်ရာရရှိသူ စံလူနှင့် ချစ်ကိုဦးတို့ (၂)ဦးအား ဒုတိယရဲအုပ် မောင်မောင်လွင် ဦးစီး (၄)ဦးမှ လားရှိုး ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရှိပြီး မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ယာဉ်မောင်း ဝင်းမင်းဦး နောင်မွန် ရဲစခန်းတွင် ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template