- NAING NAING SANAY MYANMAR NEWS
skip to main  |
      skip to sidebar
          
        
          
        

 
 
 အင်အားကြီးပါတီများ သုံးသပ်
 မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရာတွင် 
သဘောထားကွဲလွဲခြင်း ၊မတိုက်ဆိုင်ခြင်းများ ဖြစ်ပေါ်တတ်သော်လည်း 
လွှတ်တော်အတွင်းတွင် ဖြစ်ပေါ်နေသော ခုံရုံးကိစ္စနှင့်ပတ်သက်ပြီး ရေရှည်ဆက်လက် 
အငြင်းပွားခြင်း   မဖြစ်ပေါ်သင့်ကြောင်း   နိုင်ငံရေးပါတီအချို့က 
သုံးသပ်သည်။
''ဒီမိုကရေစီစနစ်မှာတော့ မတိုက်ဆိုင်တာတွေ 
သဘောထားကွဲလွဲတာတွေ မညီညွတ်တာတွေတော့ ရှိတတ်ပါတယ်။ လွှတ်တော် အတွင်းမှာ 
ဒီကိစ္စနဲ့ပတ်သက်ပြီး ရေရှည်ကြာရှည် မဖြစ်သင့်ဘူးပေါ့ 
ဒါကိုအကြောင်းပြုပြီးဖြစ်နေရင် ပြည်သူလူထုအတွက် လုပ်နေတာမဟုတ်ဘူး 
အချင်းချင်းဖြေရှင်း နေရတာနဲ့ပဲ အချိန်တွေပေးနေတယ်လို့ ပြည်သူတွေထင်တာလဲ 
ထင်စရာပါပဲ ''ဟု ဒီချုပ်ပါတီမှနာယက ဦးတင်ဦးက သုံးသပ်ပြောဆိုသည်။
လွှတ်တော်အတွင်းတွင်
 ဖွဲ့စည်းခဲ့သော ကော်မတီများကို ပြည်ထောင်စုအဆင့်အဖြစ်မသတ်မှတ်ကြောင်းကို 
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ သတ်မှတ်ခြင်းကို မှားသည်ဟု 
ဝန်ခံခိုင်းခြင်း ၊ နှုတ်ထွက်ခိုင်းခြင်းသည်   ကောင်းမွန်သော 
အခြေအနေတစ်ရပ်မဟုတ်သောကြောင့်ငြိမ်းချမ်းစွာဖြေရှင်းသင့်ကြောင်း ဦးတင်ဦးက
 အကြံပြုပြောဆိုသည်။
'' လွှတ်တော်ရယ်လို့ဖြစ်လာတာ 
တစ်နှစ်ပဲရှိသေးတယ်နော် တစ်နှစ်အတောအတွင်းမှာဒီလောက်ဖြစ်တယ်ဆိုတော့ 
သိပ်ပြီးတော့   မြင်ရပြုရတာတော့   စိတ်မကောင်းစရာ ပေါ့နော်။ တစ်ချို့ကတော့ 
နှုတ်ထွက်ရမယ်ပြုရမယ်ဆိုတာတော့ မကောင်းပါဘူး ဘာလို့လဲဆိုတော့ 
ဒီမိုကရေစီရဲ့စနစ်မှာကတော့ လွတ်လွတ်လပ်လပ် ပြောနိုင်တယ်ဆိုနိုင်တယ် 
ဆိုတဲ့ဟာကတော့ အခွင့်အရေးတွေ ရှိကြတာပဲလေ ငြိမ်းချမ်းစွာဖြေရှင်းသင့်တယ်'' 
ဟု ဦးတင်ဦးက ဆက်ပြောသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ 
ကူးပြောင်းစပြုချိန်တွင် ခုံရုံးကိစ္စနှင့်ပတ်သက်၍ လွှတ်တော်အတွင်းတွင် 
မှားသည် ၊ မှန်သည်ဟု ဆုံးဖြတ်နေခြင်းသည် နိုင်ငံရေးသမား မဖြစ်နိုင်ကြောင်း 
တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ ဥက္ကဌက သုံးသပ်ပြောဆိုသည်။
'' 
နုနယ်တဲ့ လွှတ်တော်လေးတစ်ခု နုနယ်တဲ့ ဒီမိုကရေစီကို အစကူးတဲ့အခါမှာ ဘာမဟုတ် 
တာနဲ့တောင်မှ ဒီလိုဖြစ်နေကြရင် အဲ့ဒီလောက်တောင်မှ အပေးအယူလေးတွေ အလျော့ 
အတင်းလေးတွေ မလုပ်နိုင်ကြဘဲ ငါမှမှန်တယ်၊ ငါပြောတာမှဆိုတာ   နိုင်ငံရေးသမား
 ဆိုတာ ငါပြောတာမှမှန်တယ်။ ငါယူဆတာမှမှန်တယ်။ အဲ့ဒီလို 
တရားသေစွဲကိုင်ရင်နိုင်ငံရေးသမားမဟုတ်ဘူး။ '' 
ဟုတိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဥက္ကဌ ဦးခင်မောင်သိန်းက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များနှင့်
 ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတို့ အငြင်းပွားမည့်အစား ပြည်သူအတွက် 
အကျိုးရှိသော ကိစ္စတစ်ရပ်ကို ဆွေးနွေးသင့်ကြောင်း ၄င်းက ဆက်ပြောသည်။
''
 ခုံရုံးကိစ္စကို အဓိကထားပြီး ဦးစားပေးမလုပ်သင့်ဘဲနဲ့ 
အန်ကယ်တို့လိုချင်တဲ့  Peace ဖြစ်ဖို့လုပ်ရမယ် အထွဋ်အထိပ်ဖြစ်တဲ့ 
လွှတ်တော်မှာတောင် မအေးချမ်းဘူးဆိုရင် သဘော ပြောပြတာပါ။ 
ဒီလောက်ထိမလုပ်သင့်ဘဲ   ရေကြီးတဲ့ကိစ္စတွေ   
ပြည်သူနစ်နာနေတာတွေလယ်သမားတွေဆုံးရှုံးမှုတွေ အလုပ်သမားတွေ ဆုံးရှုံးမှုတွေ 
အဲ့ဒီမှာ ပြတ်ပြတ်သားသား   ပြောသင့်တာတွေ ထောက်သင့်တာတွေ 
တစ်ယောက်နဲ့တစ်ယောက် ဒုက္ခပေးဖို့အတွက် မဟုတ်ဘဲ အဲ့ဒါမျိုးလေးတွေ 
အကျိုးရှိမယ့်ဟာတွေကို နိုင်ငံတော်အတွက် အကျိုးရှိအောင် ကမ္ဘာက လက်ခံလာအောင်
 အရှေ့တောင်အာရှမှာ ရင်ဘောင်တန်းနိုင်အောင် လိုအပ်တဲ့ အတတ်ပညာတွေ အသိပညာတွေ
 လိုအပ်တဲ့ အဆုံးအဖြတ်တွေ အဲ့ဒါတွေနဲ့ 
ကမ္ဘာကိုရင်ဘောင်တန်းပြီးထွက်နိုင်အောင်လူငယ်တွေကို ဘယ်လိုပျိုးထောင်မလဲ 
ဘယ်လိုပညာတော်သင်တွေလွှတ်မလဲ တိုင်းနဲ့ပြည်နယ် တွေကို မျှမျှတတဖြစ်အောင် 
ဗမာချည်းပဲ အခွင့်အရေးတွေ အများကြီးယူနေကြပြီးတော့ ကချင်တွေ ၊ 
ချင်းတွေချန်ခဲ့တာမျိုးချည်းဘဲ မဖြစ်ရအောင် ဘယ်လိုမျှမျှတတနဲ့ 
လုပ်ကြမယ်အဲ့ဒီဟာတွေသာလျှင်အန်ကယ်မြင်တာတော့ ဒီကာလတွေမှာ အလေးပေးပြီးတော့ 
ဒါတွေလုပ်သင့်ပါတယ်။ '' ဟု ၄င်းက ဆိုသည်။
နိုင်ငံတကာမှလည်း 
မြန်မာနိုင်ငံကို ချီးမွမ်းခန်းဖွင့်ချိန်ဖြစ်သောကြောင့် 
လွှတ်တော်အတွင်းတွင် အချင်းများ အငြင်းပွားမနေဘဲ လွှတ်တော်ကိုယ်စားလှယ်များ ၊
 အစိုးရအဖွဲ့များ ၊ တာဝန် အရှိဆုံးပုဂ္ဂိုလ်များနှင့် 
အတူပူးပေါင်းဆောင်ရွက်ပြီး ခုံရုံးကိစ္စကို ဖြေရှင်းသင့်သလို 
နိုင်ငံနှင့်ပြည်သူအကျိုးပြုလုပ်ငန်းများကိုလည်း 
ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၄င်းက အကြံပြုပြောဆိုခဲ့သည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup
 
 
 
 
          
      
 
  
 
 
 
  
No comments:
Post a Comment