၂၀၁၅ မှာ အင်န်အယ်လ်ဒီပဲ နိုင်မလားဆိုတာ ဘယ်သူမှမပြောနိုင်ဘူး - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, September 28, 2012

၂၀၁၅ မှာ အင်န်အယ်လ်ဒီပဲ နိုင်မလားဆိုတာ ဘယ်သူမှမပြောနိုင်ဘူး


                   

(တွေ့ဆုံမေးမြန်းခြင်း)  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် ဖွဲ့စည်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင် ဘာလ ၂၇ ရက်နေ့မှ စတင်တွက်ခဲ့ပါက ယခုနှစ်တွင် ၂၄ နှစ်တိတိ ပြည့်ပြီ ဖြစ်သည်။ ထို ၂၄ နှစ်တာအတွင်း ပါတီကို စတင် တည်ထောင်ခဲ့သူ ကိုးဦးအနက် လက်ရှိ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အပါအ၀င် သုံးဦးသာ ပါတီတွင် ကျန်ရှိနေတော့ရာ ထိုသုံးဦး အနက် တစ်ဦး အပါအ၀င်ဖြစ်သည့် ၀ါရင့် နိုင်ငံ ရေးသမားတစ်ဖြစ်လဲ သတင်းစာဆရာ ကြီး ဟံသာဝတီ ဦးဝင်းတင်ကို မြန်မာတိုင်း(မ်)ဒု-သတင်းစာတည်း ကျော်ဆုမွန်က စက်တင်ဘာလ ၂၄ ရက်နေ့ က တွေ့ဆုံမေးမြန်းခဲ့သည်။-------
* ပါတီသက်တမ်းက ၂၄ နှစ် ရောက် လာတဲ့အချိန်မှာ ဒေါ်အောင်ဆန်း စုကြည်က ပါတီအနာဂတ်အတွက် လူငယ်မျိုး ဆက်သစ် ခေါင်းဆောင် တင်နိုင်ဖို့ စိတ်ဝင်တစားလုပ်ဆောင် နေတယ်လို့ ကြားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပါတီတည်ထောင် ခဲ့သူ တစ်ဦးအနေနဲ့ ဘယ်လိုကောက်ချက် ချပြောဆိုလိုတာရှိပါ သလဲ။
ဒီမိုကရေစီပါတီတွေမှာ မျိုးဆက်သစ် တွေကို အားပေးချင်သလား။ အားမပေး ချင်ဘူးလားဆိုတာ သဘောထားတွေ ပေါ်မှာ မူတည်တယ်။ သဘောထားမရှိ ဘဲနဲ့ လုပ်လို့မရဘူး။ ဒီလို ကိစ္စဆိုတာ အချိန်များစွာ ပေးပြီး အဆင့်ဆင့်လုပ်ရ တဲ့ကိစ္စ။ လူငယ်တွေမွေးမယ်ဆိုတာ ခုပြောပြီး ချက်ချင်းမွေးထုတ်လို့ ရတာမှမဟုတ်တာ။ အင်န်အယ်လ်ဒီ က တော့ ရည်ရွယ်ချက်ရှိလို့ လုပ်မယ်လို့ ပြောတာပဲလေ။ ပါတီမှာ အိုတဲ့သူတွေ များတယ်။ အသက် ၉၀ ကျော်တွေရှိ တယ်။ တစ်ခုရှိ တာက ဒါမျိုးက ရာထူး ခန့်သလို လုပ်လို့ရတာမဟုတ်ဘူး။ နိုင်ငံရေးက မွေးချင်တယ်ဆိုတိုင်း မွေး လို့ရတာမဟုတ်ဘူး။ လူကြီးတွေပဲ ဆက် လုပ်ချင်သလား။ လူငယ်တွေမွေးချင် သလားဆိုတာ သဘောထားပေါ်မှာပဲ မူတည်တယ်။ လက်တွေ့ကတော့ အောက်ခြေက နေ ရွေးမှပဲ ဖြစ်မယ်။ အခု အင်န်အယ်လ်ဒီက အမတ်တွေဆိုလည်း လူငယ်တွေရွေးထားတယ်။ ရွေးလို့ ရတယ်။ ဒါပေမယ့် ပါတီ ခေါင်းဆောင် ရွေးမယ်ဆိုရင်တော့ ပါတီဝင်ထုကနေ ရွေးချယ်မှရမယ်။သဘောထားပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်တို့အသက် အရွယ်က ဒီအလုပ်တွေလည်း အများ ကြီး မလုပ်နိုင်တော့ဘူး။ အခုဆိုရင် ပါတီ ကော်မရှင်အဖွဲ့မှာလည်း မပါဘူး။ ဒါပေမယ့် လုပ်ပေးနေရတုန်းပဲ။ ဦးတင် ဦးဆိုလည်း ၈၆ နှစ်ရှိပြီ။ ၀င်လုပ်ပေး နေရတုန်းပဲ။ သဘောထားကတော့ လူငယ်တွေ လုပ်ရမှာပါပဲ။ ဟိုခေတ် ဗိုလ်ချုပ်တို့ကလည်း လူငယ်တွေအရွယ် မှာလုပ်ခဲ့ကြတာပဲ။ ဒီမှာတော့ အသက် ကြီးတဲ့အထိ လုပ်နေရတာပဲ။
* အခု အင်န်အယ်လ်ဒီပါတီကနေ လူငယ်တွေ မွေးထုတ်ဖို့လုပ်နေတာနဲ့ ပတ်သတ်ပြီး အားရကျေနပ်မှု ရှိရဲ့ လား။
အမှန်က မွေးထုတ်တာကို မရှိတာ။ မလုပ်နိုင်ဘူး။ ၂၀၁၅ အတွက် ပါတီ ခေါင်းဆောင်တွေက ငယ်နေရင် အမတ်လောင်းငယ်တွေ ဖြစ်လာမှာပေါ့။ အသက်ကြီးသူတွေပဲ ရှိနေမယ်ဆိုရင် ခေါင်းဆောင်ကြီးတွေပဲ ဖြစ်မှာပေါ့လေ။ အခုဟာက ငယ်မလား၊ မငယ်လား ဆိုတာအခုလုပ်မယ့် ညီလာခံကို ကြည့်ရမယ်။ လူငယ်တွေလုပ်လို့တော့ ပြောနေတာပဲ။ အသက်ကြီးလာရင် အိုမင်းတယ်၊ ယိုယွင်း တယ်၊ပြိုဆင်းပြီး တော့ ပိုဖျင်းလာတယ်။ လူငယ်တွေကို အားပေးရမယ်။ ပါတီအထွေထွေ ညီလာခံလုပ်ဖို့အတွက် အောက်ခြေ အဆင့် ဆင့်ကနေ လုပ်ဆောင်ရမယ်။ ရပ်/ကျေးတွေကနေ လုပ်ရမယ်။ ဒီလူ တွေကနေ ခေါင်းဆောင်တွေ အဆင့်ဆင့် ရွေးရမယ်။ အဲဒီကနေ ဗဟို အဆင့်ထိ တက်ရမယ်။
* အခုကြားရတာက ပုသိမ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီ ရုံးချုပ်ကနေ အသိအမှတ်မပြုဘူး လို့လည်း သတင်းတွေထွက်တယ်။ ရုံးခွဲတွေနဲ့ ရုံးချုပ်ကြားမှာ ပဋိပက္ခလေးတွေ အနည်းငယ်ရှိနေကြတယ် ကြားရပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး တော့ရော ဘာများပြောလိုတာရှိပါ သလဲ။
ဒါနဲ့ ပတ်သက်ပြီးတော့ဗျာ၊ ကော် မရှင်က လုပ်နေတာရှိတယ်ဗျ။ အကောင်းဆုံးကတော့ ရုံးချုပ်မှာ သွား ပြီး ဦးတင်ဦးတို့၊ ဦးဉာဏ်ဝင်း တို့ကို မေး ကြည့်တာကောင်းတယ်ဗျ။ ကျွန်တော် က ကော်မရှင်မှာမပါဘူး။ ညီလာခံအတွက် လုပ်တာက ကော်မရှင်ကလုပ်နေတာဗျ။ မြို့နယ်၊ တိုင်း၊ ခရိုင်ကနေ ဗဟိုကိုရောက်တာ။ မကျေနပ်တာတွေနဲ့ ပတ်သတ်ပြီး ကော်မရှင်ကိုပြောရမှာ။ နိုင်ငံရေးပါတီဆိုတာ ဒီလိုပါပဲ။ မကြိုက် တဲ့သူ ကြိုက်တဲ့သူက ရှိနေတာပါပဲ။ဗဟို ကနေလည်း တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဆင့်ခိုင်းမှာပဲ။
* ဘဘဦးဝင်းတင်အနေနဲ့ ပါတီ အတွက် လက်ရှိအဓိကကူညီ ဆောင်ရွက်ပေးနေတာ ဘယ်အခန်း ကဏ္ဍကဖြစ်မလဲရှင့်။
နာယကအဖွဲ့ဝင်အနေနဲ့ ပါတယ်။အမှန်က အချိန်တန်ရင် မလုပ်ဘဲနေ တော့မလို့ဘဲ။ ဒါပေမယ့် အခုက သဘာပတိအဖွဲ့အနေနဲ့ ဦးတင်ဦး၊ ဦးသန်းထွန်း၊ ဦးလှဖေနဲ့ ကျွန်တော်တို့ ပါတယ်။ ကျွန်တော်က ဖြစ်နိုင်ရင် မလုပ် တော့ဘူး။မဖြစ်နိုင်ရင်တော့ လုပ်နေရဦး မှာပဲ။ အောက်ကဆန္ဒကလည်း ရှိသေး တယ်လေ။ အခု ဒီလှိုင်းဂျာနယ်ကို ၀င်ကူပေးနေတယ်။ ပါတီကိစ္စ၊ နေ့စဉ် ကိစ္စတွေကတော့ မလုပ်တော့ဘူး။
* ခုနပြောတာက ဖြစ်နိုင်ရင် မလုပ်ချင် တော့ဘူးလို့ ဆိုပါတယ်။ ဘာကြောင့် ဆိုတာ သိလို့ရမလားရှင့်။
ခုနပြောသလိုပေါ့။ အသက်ကြီး ပြီ။ မလုပ်ချင်တော့ဘူး။ ခက်တာက အောက်ခြေကနေ နေပါဦးဆိုပြီး ပြော နေရင်တော့ လုပ်ပေးနေရ ဦးမှာပါ။ ပါတီမှာ ကျွန်တော်ရယ် ဒေါ်စုရယ် ဦးတင်ဦးရယ် ပါတီစထောင်ခဲ့တဲ့သူတွေ သုံးဦးပဲကျန်တော့တယ်။ ကျန်တဲ့သူတွေ မရှိတော့ဘူး။ ကျွန်တော်လည်း ထောင် ကျဘာကျနဲ့ မထွက်ဖြစ်ဘူး။ နိုင်ငံရေး ပါတီဆိုတာ အဖွဲ့အစည်းနဲ့လုပ်တာ လေ။
* ပြီးခဲ့တဲ့အပတ်က ဗီအိုအေနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေရိကန် နိုင်ငံမှာ အင်တာဗျူးလုပ်တော့ လွှတ် တော်ကြီးက လက်ညှိုးထောင်ခေါင်း ညိမ့်လွှတ်တော် (Ruber Stamp) ဖြစ်နေလားလို့ မေးတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်မ တို့အင်န်အယ်လ်ဒီ ရှိနေတာပဲလို့ ပြန်ဖြေတာကြားခဲ့ရပါတယ်။ ဒီတော့ပြီးခဲ့တဲ့ လွှတ်တော်အစည်း အဝေးပွဲမှာ အင်န်အယ်လ်ဒီက ဆွေး နွေးပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး သတင်းစာဆရာ တစ်ယောက် အနေနဲ့ဘယ်လိုသုံးသပ် မိပါသလဲ။
ဒါကတော့ ရှင်းပါတယ်။ လွှတ် တော်ကတော့ လက်ညှိုးထောင် ခေါင်းညိမ့်ဆိုတာ လေဘာပါတီတို့ ဘာတို့ဆိုတာကတော့ ဖြစ်တတ် တာပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်က လည်းသူ့ဟာသူ နိုင်ငံရေးစကား ပြော တာ။သူတို့ကလည်း ရှင်းရှင်းပြောရရင် ကျွန်တော် တို့ကို ပြန်သုံးနေတာပေါ့ဗျာ။ ပြပြီး သုံးတာပေါ့။ အင်န်အယ်လ်ဒီ ရှိနေ တယ်ပေါ့လေ။ စကားပြောခွင့်ပေးတယ်။ ဒါပါပဲပေါ့လေ။ အဲလောက်ကြီးလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ဘာမှသိပ်လုပ်နိုင်တာ မဟုတ်ပါဘူး။ အမတ်ရှိတာမှ လွှတ်တော်ထဲမှာ ၄၀ ကျော်ဆိုတော့ အမတ်စုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်းလောက်ပဲ ရှိတာ။ နိုင်ငံရေး ဆိုတာ ဒီလိုမျိုးပဲပြောတာပါပဲ။ လာမယ့် ရွေးကောက်ပွဲ ဆိုရင်တော့ ဘယ်လို ဖြစ်မလဲ။အခုလက်ရှိကတော့ သိပ်အ ရေးမကြီးပါဘူး။
* သမ္မတကြီး ဦးသိန်းစိန်က လည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ တကာက အသိမှတ်ပြုတဲ့သူတစ်ဦး အနေနဲ့ သူရဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ချပြလာတယ်။ ဒီတော့ သူ့ရဲ့ နိုင်ငံရေးကစားကွက် တွေကကော သိသာထင်ရှားမှု ရှိလာတယ်လို့ ပြောလို့ရလား။
ဒါက ဦးသိန်းစိန်တစ်ယောက် တည်းလို့တော့ ပြောလို့မရဘူး။ သူ့ နောက်မှာက ပါတီရှိသေးတာကိုး။ ဦးသိန်းစိန်က အစိုးရအဖွဲ့မှာ အာဏာ ရှိလို့လုပ်တယ်ပဲ ထားဦး။ သူရွှေ့ချင် တိုင်းတော့ ရွှေ့လို့မရဘူး။ အလားတူ လွှတ်တော်နှစ်ရပ်ရှိတယ်။ တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေ ရှိတယ်။သူတို့ပါတီက လူတွေရှိတယ်။ ပါတီ သဘောထားက ရှိသေးတယ်။ အခု ငါးနှစ်သက်တမ်းပဲရှိတယ်။ သူ့ပါတီ ကကော နောက်ငါးနှစ်မှာ ရွေးဦးမလားဆိုတာလည်း ကြည့်ရဦးမယ်။သူလည်း သူ့နိုင်ငံရေး သူထိန်းရမယ်။ သူ့သဘော နဲ့သူတော့ဖြစ် တာမဟုတ်ဘူး။ ဒီလူတွေက စစ်တပ်ကနေလာတာ။ အခုပြောင်းဖို့လိုတဲ့အခါ ပြောင်းဖို့ လုပ်လာကြပြီ။ ဒါတွေပြောရင် ဆုံးမှာ မဟုတ်ဘူး။ ဒါပေမယ့် ဘာတွေ ပြောနေနေ၊ တိုင်းပြည်အတွက် တကယ် အရေးကြီးတာ အခြေခံဥပဒေပဲဗျ။
* အင်န်အယ်လ်ဒီက အခြေခံဥပဒေကို ပြင်ဖို့ လွှတ်တော်ထဲဝင်ခဲ့တယ် ဆိုတာလည်း သိကြတယ်။ ၂၀၁၅ ခုနှစ်မတိုင်မီ လိုတဲ့အချက်တွေကို မပြင်နိုင်သေးဘူးဆိုရင်ကော။
လူထုကိုပဲကြည့်ရမယ်။ ၂၀၁၅ ကျရင် ပါတီကလည်းရှိနေမယ်။ အားလည်း ရှိနေမယ်ဆိုရင် တခြားဟာတွေထက်စာရင် တစ်ပြည်လုံး မှာ အမတ် တွေ အရွေးခံနိုင်တယ်ပေါ့။ အပြင်မှာ ပြောနေကြသလို ဒေါ်အောင်ဆန်းစု ကြည် သမ္မတဖြစ်လာနိုင်သလားပေါ့။ အခြေခံ ဥပဒေအရဆိုရင် ဘယ်လိုမှကို မဖြစ်နိုင်ဘူး။ သူ့ရဲ့သားတွေက နိုင်ငံခြားသားတွေ။ ဒီတော့ ဘယ်လိုဖြစ်မလဲ ဆိုတာ ပြောလို့ မရနိုင် ဘူး။ ဒီ့ပြင် လူထုက ရွေးတင်မှာ လားဆိုတာလည်း ဘယ်သူမှ ပြောလို့ မရနိုင်ဘူး။ အခုပုံစံတိုင်းဆိုရင်တော့ အင်န်အယ်လ်ဒီကို ရွေးတင်မှာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ရှိနေတာကိုး။ နောင်သုံးနှစ်မှာ ဘာဖြစ်လာမလဲဆို တာ ဘယ်သူမှမပြောနိုင်ဘူး။


No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template