ဘုန်းကြီးကျောင်းများ မီးရှို့မှု ရိုဟင်ဂျာ ပတ်သက်နေဟု ဘင်္ဂလားဒေ့ရှ် အစိုးရဆို(1) - NAING NAING SANAY MYANMAR NEWS
Headlines News :

Monday, October 1, 2012

ဘုန်းကြီးကျောင်းများ မီးရှို့မှု ရိုဟင်ဂျာ ပတ်သက်နေဟု ဘင်္ဂလားဒေ့ရှ် အစိုးရဆို(1)


 မြန်မာနိုင်ငံနှင့် နယ်စပ်အနီး ဘင်္ဂလားဒေခ်ျ့နိုင်ငံ၊ ကော့ဘဇား ခရိုင်နှင့် စစ်တကောင်း နယ်များတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များကို လူအုပ်များက မီးရှို့ဖျက်ဆီးခြင်း၏ နောက်ကွယ် တွင် ရိုဟင်ဂျာများ ဆက်စပ်မှု ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက စွပ်စွဲပြောဆိုလိုက်သည်။



အစ္စလာမ် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ကိုရမ်ကျမ်းစာအုပ်အား မဖွယ်မရာ စော်ကားထားသည့်ပုံ
ဖေ့စ်ဘွတ် စာမျက်နှာများပေါ်တွင် ပျံ့နှံ့လာပြီးနောက် ထိုပုံကို ဗုဒ္ဓဘာသာဝင် လူငယ်တဦးက တင်သည်ဟု စွပ်စွဲကာ ဒေါသထွက်နေသော လူအုပ်များက ဒေသတွင်းရှိ ဗုဒ္ဓဘာသာ ကျောင်းတော်များနှင့် စေတီ ၁ဝ ခုကျော်ကို စက်တင်ဘာလ ၂၉ ရက်နေ့ည သန်းခေါင်အချိန်က ကော့ဘဇားခရိုင်၊ ပင်းဝါရွာကြီး (ခေါ်) ရာမူး Ramu ဒေသတွင် စတင် တိုက်ခိုက်ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။


ထိုအကြမ်းဖက်မှုမှာ ရိုဟင်ဂျာများနှင့် ဆက်စပ်နေသည်ဟု ညွှန်းဆိုသည့် အစီရင်ခံစာ တခုကို လက်ခံရရှိထား
ကြောင်း ပြည်ထဲရေးဝန်ကြီး မိုဟီအူဒင် ခန်း အလမ်ဂီးရ် Mohiuddin Khan Alamgir က တနင်္လာနေ့တွင် ပြောဆို လိုက်သည်။


“အစိုးရအနေနဲ့ ရိုဟင်ဂျာတွေဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေကြောင်း သတိထားမိတယ်” ဟု ရာမူး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သတင်းထောက်များ၏ အမေးကို ဝန်ကြီးက ဖြေကြားသွားသည်။

ဝန်ကြီး စွပ်စွဲလိုက်သည့် ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံမှ ရခိုင်ဒေသခံတို့က ဘင်္ဂါလီ မွတ်ဆလင်များဟု ခေါ်ဆိုပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံကမူ ၎င်းတို့နိုင်ငံသားများ မဟုတ်ဟု ငြင်းဆိုခံထားရသောသူများ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ရိုဟင်ဂျာ ဒုက္ခသည် သုံးသိန်းခန့် ရှိနေသည်။

ဖေ့စ်ဘွတ်ပေါ်တွင် ကိုရမ်ကျမ်းအား မီးရှို့ထားသည့်ပုံကို တင်သည်ဟု ဒေသခံ ဗုဒ္ဓဘာသာဝင် ဥတ္တမ ကုမာရ ဘရုဝ Uttam Kumar Barua ဆိုသူ လူငယ်တဦးအား ဆူပူအုံကြွသူများက စွပ်စွဲကြသော်လည်း ဘရုဝ ကမူ ထိုပုံအား ၎င်း၏ ဖေ့စ်ဘွတ်သို့ တစုံတယောက်က လာရောက်၍ တက်ဂ် လုပ်သွားခြင်း ဖြစ်သည်ဟုဆိုသည်။ လက်ရှိတွင် ဘရုဝတို့ သားအမိနှစ်ဦး၏ လုံခြုံရေးအား ရဲဌာနက စောင့်ကြပ်ပေးလျက်ရှိပြီး ၎င်း၏ ဖေ့စ်ဘွတ်ကိုလည်း ပိတ်လိုက်ပြီး ဖြစ်သည်။

သို့သော် ထိုပုံများမှာ ဖေ့စ်ဘွတ် စာမျက်နှာများ ပေါ်တွင်သာမက မိုဘိုင်းဖုန်းများသို့လည်း ပျံ့နှံ့ခဲ့သည်။

ဖေ့ဘွတ် ဓာတ်ပုံအကြောင်း သတင်းများ ပျံ့နှံ့လာပြီးနောက် ရာမူးရွာကြီးတွင် စနေနေ့ည ၁ဝ နာရီခန့်က လူ ရာနှင့်ချီ၍ စုဝေးလာကြပြီး ဒေါသတကြီး ဆန္ဒပြကြသည်ဟု ဆိုသည်။ အခြေအနေကို ဒေသခံရဲများက ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သော်လည်း ဆန္ဒပြ လူအုပ်ကြီးမှာ ပိုမိုများပြာလာ၍ မထိန်းသိမ်းနိုင်ခဲ့ပေ။

“ကျနော် ရောက်တဲ့ အချိန်အထိ မီး မငြိမ်းသေးဘူး။ အိမ်ခြေ တရာကျော် ဖျက်ဆီးခံရတယ်။ ဘုန်းကြီးကျောင်းက ခုနှစ်ကျောင်း၊ သိမ် အကြီးဆုံးက သုံးလုံး။ မာရမာကြီး (ဘရုဝါ) လူမျိုးတွေက အပြင်ကို မထွက်ရဲဘူး။ တချို့ကတော့ လယ်ကွင်းတွေဘက် ထွက်ပြေးကြတယ်။ ရခိုင်တွေကတော့ အုတ်တိုက်အိမ်တွေမှာ အကုန်လုံး စုနေကြတယ်” ဟု အခင်းဖြစ်ပွားရာ ရာမူးဒေသသို့ တနင်္ဂနွေနံနက်က ရောက်ရှိသွားသူ ဦးနိုင်နိုင် က မဇ္ဈိမကို ပြောသည်။

ရဲစခန်းမှ တာဝန်ခံ ရဲအရာရှိ အဆိုအရ အခြားဒေသများမှ ထောင်နှင့်ချီသော လူအုပ်များ ထရပ်ကားများဖြင့် ရောက်ရှိလာကြကာ ရာမူးဒေသအတွင်း စုရုံးမိကြသည်ဟု ဆိုသည်။
ထိုလူအုပ်ကြီးက ကြွေးကြော်သံများ တိုင်တည်ကာ သန်းခေါင်ယံ အချိန်တွင် ဒေသခံ အိမ်များနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို စတင် မီးရှို့ကြပြီး အဓိကရုဏ်း ရဲများနှင့် ခြေမြန်တပ်ရင်းများ ရောက်ရှိလာကြသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template