ဘုန်းကြီးကျောင်းများ မီးရှို့မှု ရိုဟင်ဂျာ ပတ်သက်နေဟု ဘင်္ဂလားဒေ့ရှ် အစိုးရဆို(2) - NAING NAING SANAY MYANMAR NEWS
Headlines News :

Monday, October 1, 2012

ဘုန်းကြီးကျောင်းများ မီးရှို့မှု ရိုဟင်ဂျာ ပတ်သက်နေဟု ဘင်္ဂလားဒေ့ရှ် အစိုးရဆို(2)


အဆိုပါ အကြမ်းဖက်မှုအတွင်း နှစ်ပေါင်း ရာနှင့်ချီသည့် ရှေးဟောင်းပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်းလည်း “အဓိက ဆုံးရှုံးမှုက ပင်းဝါရွာကြီး (ရာမူး)ကျောင်း ရခိုင်ရှင်ဘုရင်လက်ထက်က ရှိခဲ့တဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ ပစ္စည်းတွေ အကုန်လုံး ဆုံးရှုံးသွားတယ်။ အံ့သြဖို့ကောင်းတာက မီးတိုက်တော့ ကျောင်းကြီးက မီးမလောင်ဘူး၊ နောက်သူတို့တွေ ပြန်သွားပြီး တခြားဘုန်းကြီးကျောင်းတွေ မီးတိုက်တယ်။ 


ပင်းဝါရွာကြီးကျောင်းမှာရှိတဲ့ နှစ်ပေါင်း လေးငါးရာ မက ရှေးဟောင်းဘုရားတွေနဲ့ ပစ္စည်းတွေကို သူတို့ ယူသွားတယ်” ဟု ဦးနိုင်နိုင် က ဆိုသည်။
အခင်းဖြစ်ပွားရာများသို့ မီးသတ်ကားများ အချိန်မီရောက်ရှိမလာနိုင်ခဲ့ဘဲ တနင်္ဂနွေ နံနက် ၂ နာရီခွဲမှသာ မီးငြှိမ်း သတ်နိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်များနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးတပ်ရင်း တို့က ဆူပူမှုအခြေအနေ ကို နံနက် ၃ နာရီခွဲခန့်တွင် ထိန်းသိမ်းနိုင်ခဲ့ကြသည်။

အကြမ်းဖက်လာသူများအား လုံခြုံရေးတပ်များက ဟန့်တားခဲ့သော်လည်း ထိန်းမရ၍ ပစ်ခတ်ခဲ့ရာ လူ ၆ ဦးသေဆုံး ပြီး ၁၃ ဦးခန့် ဒဏ်ရာရရှိကာ လူ ၂ဝ ခန့် ဖမ်းဆီးထားကြောင်း ၎င်းက ဆိုသည်။
တနင်္ဂနွေ နံနက်မှစ၍ ရာမူးဒေသအား ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်။

ရာမူးရွာကြီးတွင် ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် ဦးရေမှာ မတိမ်းမယိမ်းရှိပြီး ထိုဒေသတွင်းတွင် သက်၊ ဒိုင်းနက်၊ မျို၊ ခမီ၊ ဘရုဝါနှင့် ရခိုင်လူမျိုးများ ပါဝင်သည့် ဗုဒ္ဓဘာသာဝင် သုံးသိန်းခန့်ရှိပြီး အစ္စလာမ်ဘာသာဝင်မှာ သုံးဆ ပိုများသည်။

ထို့ပြင် ဥခီးယား Ukhia ဒေသတွင်လည်း တနင်္ဂနွေ နံနက် ၇ နာရီခွဲခန့်က အင်အား ၅ဝဝ ခန့်ရှိသော ဆူပူသူများက ဘုန်းကြီးကျောင်းတကျောင်းကို မီးရှို့ဖျက်ဆီးပစ်ခဲ့ကြပြီး ပါတီယာ Patiya ဒေသတွင်လည်း လူအုပ်စုတစုက ဟိန္ဒူ ဘုရားကျောင်းတကျောင်းနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း နှစ်ကျောင်းကို ဝင်ရောက်ဖျက်ဆီးသွားကြသည် ဘင်္ဂလားဒေ့ရှ်အခြေစိုက် Daily Star သတင်းဌာနက ရေးသားထားသည်။

အဆိုပါ အကြမ်းဖက်မှုနှင့်ပတ်သက်၍ ပါတီယာ ရဲဌာနမှ ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၂၆ ဦးအနက် အများစုမှာ အနောက်ပိုင်း ရေတပ် သင်္ဘောကျင်းမှ အလုပ်သမားများ ဖြစ်ပြီး ဒေသခံလူအုပ်နှင့် ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု ပါတီယာ ရဲဌာနမှ အရာရှိက ဆိုသည်။ သို့သော် ထိုသူများမှာ ၎င်းတို့၏ ဝန်ထမ်းများမဟုတ်ကြောင်း အနောက်တိုင်း
ရေတပ်မှ ငြင်းဆိုထားသည်။


ဒေသခံများ၊ နိုင်ငံရေးသမားများနှင့် လုံခြုံရေးတပ်ဖွဲ့များကလည်း အဆိုပါ အကြမ်းဖက်မှုများကို စစ်သွေးကြွများနှင့် ရိုဟင်ဂျာများက သွေးထိုးလှုံ့ဆော်နေကြသည်ဟု သံသယရှိနေကြသည်။
ထို့ပြင် BNP ပါတီမှ ကော့ဘဇား ဥပဒေပြုအမတ် လတ်ဖာ ရာမန် Lutfur Rahman က “ရာမူး အကြမ်းဖက်မှုများကို
လောင်စာ ဖြည့်ပေးနေသည်” ဟု ပြည်ထဲရေးဝန်ကြီးက စွပ်စွဲပြောဆိုထားသော်လည်း အဆိုပါ စွပ်စွဲချက်မှာ “အခြေအမြစ်မရှိဘဲ နိုင်ငံရေး အရင်းခံအရ” ဖြစ်ကြောင်း အမတ်မင်းက ငြင်းဆိုလိုက်သည်။


ထို့ပြင် အဆိုပါ အကြမ်းဖက်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ကော်မတီကို ဘက်မလိုက်သော စီရင်ဆုံးဖြတ်မှု
အောက်တွင် ဖွဲ့စည်းရန် BNP ပါတီက တောင်းဆိုလိုက်သည်။


ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးကော်မရှင်၏ တနင်္ဂနွေနေ့ ထုတ်ပြန်ကြေညာချက်အရ အဆိုပါ ယုတ်ညံ့သည့် ဓာတ်ပုံကို ဖေ့စ်ဘွတ် စာမျက်နှာများပေါ်မှ ဖယ်ရှားပစ်လိုက်ပြီဟု ဆိုသည်။ ထို့ပြင် အခြားသော အစ္စလာမ် ဆန့်ကျင်ရေး သဘောတရားများကို လူမှုကွန်ယက်များမှ ဆက်လက် ဖယ်ရှားသွားမည်ဟုလည်း ပြောဆိုလိုက်ပြီး ဘာသာရေး ဆန့်ကျင်သည့် စာများ၊ ပုံများနှင့် မက်ဆေ့ခ်ျများ မဖြန့်ဝေကြရန် အားလုံးသို့ ဆော်သြ တောင်းဆို ထားသည်။

အခင်းဖြစ်ပွားရာများသို့ အစိုးရဝန်ကြီးများ အဆောတလျင် သွားရောက်ကြည့်ရှုခဲ့ကြပြီး လက်နက်ကိုင်တပ်များနှင့် ဥပဒေ ထိန်းသိမ်းရေးတပ်ဖွဲ့များလည်း ဖြန့်ကျက် တာဝန်ယူထားကြသည်။
အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ဖမ်းဆီးထိန်းသိမ်းထားသူ ၁၆၆ ဦး ရှိပြီး ၉၃ ဦးမှာ ကော့ဘဇားခရိုင်မှဖြစ်ကာ ၇၃ ဦးမှာ စစ်တကောင်းနယ်မှ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ထုတ်ဖော်ပြောကြားသည်။

အကြမ်းဖက်မှုများကြောင့် နေအိမ်များကို စွန့်ခွါထွက်ပြေးသွားကြသူ ရာနှင့်ချီသည့် ဗုဒ္ဓဘာသာဝင်များလည်း တနင်္လာနေ့တွင် ပြန်လည်ရောက်ရှိလာကြကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့အတွက် ယာယီတဲများ စီမံပေးထားရကြောင်း ဒုက္ခသည်များကို အကူအညီပေးနေသူ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဂျိဒ်ဟော့စိန် Lt. Col. Jaed Hossain အား ကိုးကား၍ အေပီသတင်းတရပ်တွင် ရေးသားထားသည်။
နေမျိုး

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template