ဥပဒေနှင့်မညီသော ပစ်ခတ်မှုဖြစ်ပါက ရဲတပ်ဖွဲ့အား အရေးယူရမည်ဟု တိုင်းလွှတ်တော်ဥက္ကဌပြောကြား - NAING NAING SANAY MYANMAR NEWS
Headlines News :

Thursday, October 4, 2012

ဥပဒေနှင့်မညီသော ပစ်ခတ်မှုဖြစ်ပါက ရဲတပ်ဖွဲ့အား အရေးယူရမည်ဟု တိုင်းလွှတ်တော်ဥက္ကဌပြောကြား



ရှားခဲအင်းကိစ္စဖြစ်ပွားခဲ့သောပြဿနာများတွင် ရဲတပ်ဖွဲ့ဝင်များက ရွာသားများအပေါ်ပစ်ခတ်ခဲ့မှုမှာ ဥပဒေနှင့် မညီသော ပစ်ခတ်မှုဖြစ်ပါက သက်ဆိုင်ရာအဖွဲ့အစည်းများက အရေးယူရမည်ဟု ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဌက ပြောကြားလိုက်သည်။



 ရွာတစ်ရွာတည်းတွင် ရဲတပ်ဖွဲ့ဝင် (၂၀၀)ခန့် ကြိုတင်ချထားခဲ့သော်လည်း ဥပဒေမဲ့အုပ်စုဖွဲ့ကာ ရိုက်နှက် သတ် ဖြတ်မှု ဖြစ်ပွား
ခဲ့ခြင်း၊ ထိုလူအုပ်စုအဖွဲ့ဝင်များကို မဖမ်းသေးဘဲ ရွာမှထွက်လာသော ရွာသူ ရွာသားများထံ သို့ ကားပေါ်မှသတိပေးခဲ့ခြင်းမျိုး မပြုလုပ်ခဲ့ဘဲ တိုက်ရိုက်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သော ရဲတပ်ဖွဲ့ဝင်များကို ရှားခဲကျေးရွာအုပ်စုတွင် နေထိုင်သူများက  တိုင်းလွှတ်တော်ရုံး တွင် ဖော်ထုတ်ခဲ့ပြီးနောက် လွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်က ယခုကဲ့သို့ ပြောကြာခဲ့ခြင်းဖြစ်သည်။

“အဓိကရုဏ်းနှိမ်နင်းရာမှာ အဆင့်(၃) ဆင့်ရှိပါတယ်၊ ပထမအနေနဲ့ အတားအဆီးတွေ ချရပါမယ်၊ ဒါတွေကို မကျော်ဖို့ အသံချဲ့စက်နဲ့ အားလုံးကြားအောင် ပြောရပါမယ်၊ တဆင့်ချင်း ဒါတွေကို လူအုပ်က ကျော်လာ ရင်လည်း ပစ်မိန့် မရှိရင်တောင်းရပါမယ်၊ ပစ်မိန့် ရရင်တောင် ခြေထောက်ကိုပဲပစ်ရပါမယ်” ဟု အဓိကရုဏ်း များကို နှိမ်နင်းခဲ့ဖူးသည့် တိုင်းလွှတ်တော်ဥက္ကဌက ပြောသည်။

ထိုရွာသား(၃)ဦး သေဆုံးဖြစ်စဉ် ဖြစ်ပွားပြီးနောက် ထိုပြဿနာစတင်ဖြစ်ပေါ်ပေါက်အောင် ကိုဝင်းနိုင်(တလုပ်) ၏ လက်/ခြေ များကို ဖြတ်၍ အူထွက်ပြတ်ရှဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့သည့် ဖိုးလူဝနှင့် ၀ိုင်းဝိုင်းလည် ငါးထုတ်(သ/မ)အသင်းမှ လူအုပ်စုမှာ ဆက်လက်လွတ်မြောက်နေသည့်အတွက် ရွာခံများ၏ လုံခြုံရေးကို အထူး စိုးရိမ်နေရကြောင်း ရွာခံများကဆိုသည်။

“ရဲတွေကတော့ စက်တင်ဘာ(၂၄)ရက်ကတည်းက ရွာမှာချထားတာ မည်းနေတာပဲ၊ ဒါပေမဲ့ သူတို့ ရှိနေ ရက်သားနဲ့ကျွန်တော့်အဖေ အူတွေထွက်ပြီး သေခဲ့တဲ့အထိဖြစ်ခဲ့တယ်၊ အခု ဒါတွေလုပ်ခဲ့တဲ့အဖွဲ့ကလည်း ရွာမှာ ထင်ထင်ပေါ်ပေါ်ပဲ သွားနေတာတောင် မဖမ်းသေးတော့ အဖေသေတာတောင် ၀မ်းနည်းချိန်မရဘူး၊ ကိုယ်မသေအောင် နေ့ခင်းဘက်အိမ်မှာ ချက်စားပြီး ညဘက်ဆို ဆွေမျိုးတွေရှိတဲ့ တစ်ဖက်ကမ်းအိမ်မှာ သွားအိပ်နေရတယ်”ဟု ဥပဒေမဲ့လုပ်ရပ်များကြောင့် သေဆုံးခဲ့သူ၏ သားဖြစ်သူ အောင်တင်ဝင်းက ပြောသည်။

ထိုနေ့က အခင်းဖြစ်ပွားသော နေရာတွင်လည်း ရောက်ရှိလာသော ရဲကားနှစ်စီးမှ နောက်ကား (အဖြူ ဟိုင်းလတ်)မှ တပ်ဖွဲ့ဝင်များသည် မိုးပေါ်သို့ နှစ်ချက်သာ ထောင်ပစ်ခဲ့ပြီး ကျေးရွာဒေသခံလူအုပ်များသို့ ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကားပေါ်မှပင် မဆင်းပဲနှင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ဧရာဝတီတိုင်းလွှတ်တော်အထိ သက်သေနှင့်တကွ တိုင်ကြားထားခြင်းဖြစ်သည်။

“သူတို့သတင်းတွေ ဖြန့်နေသလို ကျေးရွာ ဆူပူအုံကြွမှုမျိုး မဟုတ်ပါဘူး၊ ကျွန်တော်တို့စားဝတ်နေရေးအတွက်ပဲ တောင်းဆိုခဲ့တာ၊ အဲဒါကို ကားပေါ်ကနေပဲ လူအုပ်ထဲကို ပစ်ပြီး ပြန်မောင်းထွက်သွားတာ၊ သူတို့ ပြောတဲ့အတိုင်း သူတို့ကား ပျက်ဆီးခဲ့ရင် ရဲစခန်းကို တောင် ပြန်သွားလို့ မရနိုင်တာကို စဉ်းစားကြည့်ရင်တောင် သိနိုင်ပါတယ်”ဟု ရှားခဲကျေးရွာနေသူတစ်ဦးက ပြောသည်။

ရှားခဲအင်းပြဿနာတွင်  လူအုပ်က မိမိတို့ ကားမှန်ကို လူအုပ်မှ စတင် ရိုက်ခွဲခဲ့ခြင်းဖြစ်ပြီး တာယာ(၃)လုံး ကိုလည်း ဓါးဖြင့်ခုတ်ခဲ့ခြင်းကြောင့် ကြေမွခဲ့သည်အထိ ဖြစ်ခဲ့ရသည်ဟု ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား ကြောင်း သိရသည်။

“အဓိကရုဏ်းဖြစ်လို့ နှိမ်နှင်းတာပဲဖြစ်ဖြစ် ပြည်သူတွေ ဖြစ်နေတဲ့အတွက် နှိမ်နှင်းတဲ့ နည်းလမ်းအတိုင်းပဲ ဖြစ်သင့်ပါတယ်”ဟု လွတ်တော်ဥက္ကဌက ဆက်ပြောသည်။

ထိုဒေသတွင်ရှိသော ရဲတပ်ဖွဲ့ဝင်များမှာ အင်းလေလံရထားသော(သမ)အဖွဲ့ဘက်သို့ လိုက်ပြီး ဥပဒေလုပ်များကို လုပ်ဆောင်ပြီး လုံခြုံမှုကင်းအောင် ပြုလုပ်နေပါက ဥပဒေနှင့်အညီ ဖြစ်အောင် မကြာမီကျင်းပတော့မည့် လွတ်တော်အစည်းအဝေးတွင် အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်သွားမည်ဟု တက်ရောက်လာသော မီဒီယာများသို့ လွတ်တော်ဥက္ကဌ ဦးဆန်းဆင့်က  ပြောကြားခဲ့သည်။

ပုသိမ်မြို့ရှိ တိုင်းလွတ်တော်ရုံး၌ ရှားခဲကျေးရွာသားများနှင့်မီဒီယာများမှ သတင်းထောက်(၁၂)ဦးတွေ့ဆုံပွဲတွင် တိုင်းလွှတ်တော်ဥက္ကဋ္ဌက  ပြောကြားခဲ့ခြင်းဖြစ်သည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template