စံချိန်မမီ လမ်း တံတားဆောက် ဝန်ထမ်းများ အရေးယူပုံ မြို့တော်ဝန် နှုတ်ဆိတ် - NAING NAING SANAY MYANMAR NEWS
Headlines News :

Monday, October 1, 2012

စံချိန်မမီ လမ်း တံတားဆောက် ဝန်ထမ်းများ အရေးယူပုံ မြို့တော်ဝန် နှုတ်ဆိတ်



(ဓာတ်ပုံ - travelphotos.alittleadrift.com)
  ရန်ကုန်မြို့ရှိ လမ်း/တံတားများအား ဆောက်လုပ်ရာတွင် စံချိန်မီအောင် ပြုလုပ်ခြင်း ရှိ/မရှိ စစ်ဆေးပုံနှင့် စံချိန်မီအောင် မဆောင်ရွက်သည့် ဝန်ထမ်းကို မည်သို့အရေးယူပုံကို တိုင်းလွှတ်တော်၌ အမတ်တဦး က မေးမြန်းရာ မြို့တော်ဝန်က ပြန်လည် ဖြေကြားသော်လည်း စံချိန်မီ/မမီ စစ်ဆေးပုံကိုသာ ဖြေကြားပြီး အရေးယူပုံ ကိုမူ ဖြေကြားမသွားခဲ့ပေ။



ထိုမေးခွန်း ထုတ်သည့် ပြည်ခိုင်ဖြိုးပါတီမှ ဆိပ်ကမ်းမြို့နယ်အမတ် ဦးနေမျိုးအောင် က ရန်ကုန်မြို့မှ လမ်း/တံတား များသည် “ခဏခဏပျက်၊ ခဏခဏ ပြင်နေရတဲ့အတွက် မလိုအပ်ဘဲ ပြည်သူ့ဘဏ္ဍာငွေများဟာ အလဟဿ
ဖြုန်းတီးရာရောက်နေပါတယ်” ဟု စက်တင်ဘာလ ၂၇ ရက်နေ့ တိုင်းလွှတ်တော်တွင် ရှင်းပြခဲ့သည်။


ဦးနေမျိုးအောင်၏ မေးခွန်းကို ဦးလှမြင့်က လမ်းခင်းရန် ကတ္တရာ၊ ကွန်ကရိတို့ ဝယ်ယူသည့်အချိန်မှ စ၍ လမ်းခင်း သည်အထိ စံချိန်မီအောင် စစ်ဆေးပုံ အဆင့်ဆင့်ကိုသာ ရှင်းပြခဲ့ပြီး စံချိန်မီအောင် ဆောင်ရွက်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိသည့် ဝန်ထမ်းများအပေါ် အရေးယူပုံနှင့် ပတ်သက်၍ ဖြေကြားသွားသည်ကို မတွေ့ရပေ။

ထို့ပြင် နောက်ဆက်တွဲ ဆက်လက်မေးမြန်းထားသည့် ထိုကိစ္စကြောင့် အရေးယူခံထားရသည့် ဝန်ထမ်း အရေအတွက်ကိုလည်း ရန်ကုန်မြို့တော်ဝန်က ဖြေကြားမသွားပေ။

တောင်ဒဂုံမြို့နယ်တွင်နေထိုင်သည့် သက်လတ်ပိုင်းအရွယ် အိမ်ရှင်မ မယဉ်အေးက “လမ်းတွေ စံချိန်မမီဘူး ဆိုရင်လည်း လက်ဝါးချင်းရိုက်ပြီး ဖြေရှင်းလိုက်တယ် ထင်ပါတယ်” ဟု ယင်းကိစ္စအပေါ် မှတ်ချက်ပြုသည်။

A truck loaded with teak logs runs on a road in Rangoon, Burma. U.S. Secretary of State announced the US will ease its import ban on Burma, Sept. 27, 2012.(AP)

စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်က ရန်ကုန်မြို့ရှိလမ်းများပျက်စီးရသည့် အကြောင်းအရင်းမှာ မော်တော်ယာဉ်များ က သတ်မှတ် တန်ချိန်ထက် ပိုမိုတင်ဆောင်ကြခြင်း၊ ကုန်တင်၊ သစ်လုံးတင် ယာဉ်များသည် ၎င်းတို့မောင်းနှင်ရန် သတ်မှတ် ထားသည့်လမ်းကြောင်းမှ သွေဖည်ကာ စည်းကမ်းမဲ့ မောင်းနှင်ကြခြင်း တို့ကြောင့် ဖြစ်သည်ကို စစ်ဆေးတွေ့ရှိကြောင်း ပြောဆိုသွားသည်။

ရန်ကုန်တိုင်းလွှတ်တော် ပထမအကြိမ်၊ စတုတ္ထပုံမှန် အစည်းအဝေးကို စက်တင်ဘာလ ၂၇ ရက်နေ့က စတင်ကျင်းပ
နေကာ လေးရက်တာ ကျင်းပမည်ဟု သိရှိရသည်။

ထိုနေ့ အစည်းအဝေးသို့ တိုင်းလွှတ်တော်အမတ် ၁၈၈ ဦး တက်ရောက်ခဲ့ကြသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template