ဘင်္ဂလားဒေ့ရှ်တွင် ဘုန်းကြီးကျောင်းများနှင့် အိမ်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး မြန်မာ ဗုဒ္ဓဘာသာ သံဃာတော်များ ဆန္ဒထုတ်ဖော် - NAING NAING SANAY MYANMAR NEWS
Headlines News :

Thursday, October 4, 2012

ဘင်္ဂလားဒေ့ရှ်တွင် ဘုန်းကြီးကျောင်းများနှင့် အိမ်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး မြန်မာ ဗုဒ္ဓဘာသာ သံဃာတော်များ ဆန္ဒထုတ်ဖော်


ဘင်္ဂလားဒေ့ရှ်၌ ဘုန်းကြီးကျောင်းများနှင့် အိမ်များကို မွတ်စလင် လူအုပ်စုများက တိုက်ခိုက်မှုများ ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာ သံဃာတော် အပါး (၂၀၀) ခန့် ၏ ဆန္ဒထုတ်ဖော်မှုကို ယနေ့ (အောက်တိုဘာလ ၄ ရက်နေ့) တွင်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ
မကွေးပရိယတ္တိ စာသင်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။


အဆိုပါ သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံး ရှေ့တွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်ခဲ့သော်လည်း ခွင့်ပြုချက် မရရှိသဖြင့် မကွေးပရိယတ္တိ စာသင်တိုက်၌
ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနှင့် စစ်တကောင်း ဒေသများတွင်
ဒေါသထွက်နေသော လူအုပ်စုများက ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းများနှင့်
စေတီများကို စက်တင်ဘာလ ၂၉ ရက်နေ့က တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်။ အစ္စလာမ်ဘာသာဝင်တို့၏ ကိုရမ်ကျမ်းစာမီးလောင်နေသည့် ဓာတ်ပုံကို ကိုင်ဆောင်ထားသော လူငယ်တစ်ဦး၏ ဓာတ်ပုံ လူမှုကွန်ရက် ၀က်ဘ်ဆိုက် Facebook တွင် ပျံ့နှံ့ခဲ့ပြီးနောက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လူဦးရေ ၁၅၃ သန်းခန့်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အများစုမှာ မွတ်စလင်များဖြစ်ကြပြီး ဗုဒ္ဓဘာသာဝင်များမှာလူဦးရေ၏ တစ်ရာခိုင်နှုန်း အောက်သာရှိသည်။ ဗုဒ္ဓဘာသာဝင် အများစုသည် မြန်မာနှင့်ထိစပ်နေသည့် အရှေ့တောင်ပိုင်းနယ်စပ်ဒေသ များတွင် နေထိုင်ကြသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက အကြမ်းဖက်လုပ်ရပ်များကို စုံစမ်းစစ်ဆေးရန် ကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်သည်။ အကြမ်းဖက်လုပ်ရပ်များနှင့် ဆက်နွှယ်နေသော လူ ၃၀၀ ခန့်ကို ဖမ်းဆီးထားကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က
အောက်တိုဘာလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

အောက်တိုဘာလ ၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာသံဃာတော် ၃၀၀ ခန့်က ဘင်္ဂလားဒေ့ရှ်၌ ဘုန်းကြီးကျောင်းများနှင့် အိမ်များ ဖျက်ဆီးခံခဲ့ရမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်၌ ဆန္ဒထုတ်ဖော် ခဲ့ကြပါသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template