တောင်ကြီးမြို့၊ပြည်တော်သာ ရပ်ကွက်၊ ကြံ့ခိုင်ရေးလမ်း အမှတ်(၂၂)ရှိ ဆေးရုံသစ်တည်ဆောက်လျက်ရှိသော (၇) ထပ်တိုက်၌ ကွန်ကရစ်လောင်းစဉ် ဆင်ထားသည့် ငြမ်းများ ပြိုကျကာ
ပန်းရံအလုပ်သမား (၆)ဦး သေဆုံး ခဲ့ကြောင်း မြို့ခံများထံက သိရှိရသည်။
၂၀၁၂ခုနှစ်၊ အောက်တိုဘာ(၃)ရက်၊ နေ့လည် (၂နာရီခွဲ)အချိန်တွင် (၇)ထပ်တိုက်ရှိ (၅)လွှာ၌ ကွန်ကရစ် လောင်းစဉ် အောက်မြေပြင်ရှိ ပန်းရန်လုပ်နေသူများထံသို့ ဆင်ထားသော ငြမ်းများပြိုကျကာ ပန်းရံလုပ်သား (၆)ဦးသေဆုံး၍ (၄)ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ပဲ ဖြစ်တာ။ (၆)ယောက် သေသွားတယ်။ (၄)ဦးကတော့ အတွင်းလူနာတွေ အဖြစ်နဲ့ ဆေးရုံကြီးမှာ တင်ထားရတယ်။ ရဲဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူတာတွေ၊ ဘာတွေတော့ မရှိသေးဘူး၊ ဆက်လိုက် နေတုန်းပဲ” ဟု တောင်ကြီးမြို့မှ ဦးသန်းဝေက ပြောသည်။
အဆိုပါတိုက်မှာ တောင်ကြီးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်အမှတ်၆၂၀/ဆ.၆/တက-၄(၀၀၂) လိုင်စင်ပုံအရ ပုံဆွဲအင်ဂျင်နီယာ ဦးသန့်ဇင်အမည်ဖြင့် ဘုတ်ထောင်ထားပြီး ပိုင်ရှင်အမည်မှာ ဒေါ်ခင်မာရီ ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပါတ်သတ်၍့ လက်ရှိအချိန်ထိ ရဲစခန်းမှ တစုံတရာ အရေးယူမှု မရှိသေးကြောင်း ဒေသခံတို့က ဆိုသည်။
သေဆုံးသူများမှာ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် နေထိုင်သော နေ့စားအလုပ်သမားများဖြစ်သည့် ဦးအောင်ကိုလတ်၊ ဒေါ်ဖြိုးရီ၊ မလှလှခိုင်၊ မထွေးထွေး၊ ဦးတင်အောင်နှင့် မလှစန္ဒာတို့ဖြစ်ပြီး၊ စ၀်စံထွန်း ဆေးရုံ ကြီးတွင် အတွင်းလူနာများအဖြစ် ကိုသက်နိုင်ဦး၊ ဦးကြည်ဝင်း၊ ကိုကုလားကြီးနှင့် ကိုသက်ပိုင်တို့(၄)ဦးမှာ ဆေးကုသမှု ခံယူနေရသည်။
No comments:
Post a Comment