မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၀၀ ကျော်အား ထုတ်ပယ် - NAING NAING SANAY MYANMAR NEWS
Headlines News :

Wednesday, October 3, 2012

မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၀၀ ကျော်အား ထုတ်ပယ်



မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၁၂ ဦးအား တာဝန်မှ ထုတ်ပယ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီးအောင်ကျော်မိုးက ပြောသည်။

ထို့အပြင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို မန္တလေးတိုင်းဒေသကြီးအတွင်း ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဥပဒေနှင့်အညီ
အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးရဲမြင့်က စက်တင်ဘာ ၂၈ ရက် လွှတ်တော်အစည်းအဝေးများ အပြီးတွင် လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးပြောကြားသည်။

ဝန်ကြီးချုပ်ဦးရဲမြင့်က “ကျွန်တော်တို့ ရွေးချယ်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်မှုတွေ အားလုံးလုပ်ထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ရှိပုဂ္ဂိုလ်များအား သင်တန်းများ ပေးအပ်ထားပြီး ဖြစ်ပါတယ်။ အားလုံးပြီးပါပြီ။ ကျွန်တော်တို့ Ready ဖြစ်နေပါပြီ”ဟု ရှင်းလင်းပြောကြားသည်။ ဥပဒေ၊ နည်းဥပဒေများ ထွက်ရှိပြီးဖြစ်သလို မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးချယ်မှုပြုလုပ်ရန် အဆင်သင့်ဖြစ်နေသော်လည်း ဘတ်ဂျက်ကိစ္စ ထည့်သွင်းတွက်ချက်နေ၍ မရွေးချယ်နိုင်သေးဘဲ ဖြစ်နေကြောင်း၊ ဘတ်ဂျက်မရှိသေးဘဲ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များ ခန့်အပ်တာဝန်ပေးလိုက်လျှင် မလိုလားအပ်သော နည်းလမ်းများဖြင့် ဘတ်ဂျက်ရှာဖွေနိုင်ဖွယ် ရှိသောကြောင့်ဖြစ်ကြောင်း ဦးရဲမြင့်က ထပ်မံရှင်းလင်း ပြောကြားသည်။

၎င်းက “ဒါတွေကို အမြန်ဆုံးလုပ်သွားမှာ ဖြစ်ပါတယ်။ ဘာလို့မလုပ်သေးလဲဆိုတော့ ကျွန်တော်တို့ တာဝန်ပေးအပ်လိုက်တယ်ဆိုရင် သူတို့အတွက် ချီးမြှင့်ငွေ၊ သတ်မှတ်ထားသော လစဉ်အသုံးစရိတ် ဒါတွေလည်း တစ်ပါးတည်းပေးရမှာ ဖြစ်ပါတယ်။ လစဉ်သတ်မှတ်ထားသော အသုံးစရိတ် မရှိဘူးဆိုရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ လေ့လာသိရှိပြီးကြတဲ့ အတိုင်းပဲ အခြားသော အစီအစဉ်များနဲ့ ဆောင်ရွက်လာနိုင်ဖွယ်ရှိတဲ့ အနေအထားမျိုးတွေကို တွေ့ကြုံလာနိုင်တဲ့အတွက် အခုဆိုရင်တော့ ဒီလကစပြီး ဘတ်ဂျက်မှာ လျာထားထည့်သွင်း တွက်ချက်ဖို့ ဖြစ်ပါတယ်”ဟု အကျယ်တ၀င့် ရှင်းလင်းပြောကြားသည်။

ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့တွင် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီးအောင်ကျော်မိုးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ မမှန်မကန် လုပ်ရပ်များအပေါ် လူထုက မကျေနပ်၍ တိုင်ကြားလာမှုများ မှန်ကန်ကြောင်း စိစစ်တွေ့ရှိချက်အရ တာဝန်မှ ထုတ်ပယ်ပြောင်းလဲမှုများ ရှိခဲ့ကြောင်း ပြောသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း ၂၁၂ ဦးအား ထုတ်ပယ်အရေးယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားသည်။

ထို့အပြင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ တာဝန်များ ပျက်ကွက်ခြင်းအပေါ် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို (၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ၊ အမှတ် ၇)ဖြင့် အရေးယူ ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းပြီးဖြစ်ကြောင်း ထို့အပြင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၅ ဖြင့်လည်း ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ကျင့်ဝတ်ဖောက်ဖျက်ခြင်း၊
အရည်အချင်း ပျက်ယွင်းခြင်းများအပေါ် အရေးယူဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးအောင်ကျော်မိုးကပြောသည်။

အမရပူရမြို့ ရွှေဂွမ်းထုပ်ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်မည် ဆိုသည့်အပေါ် ကြိုဆိုကြောင်း၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ လုပ်ဆောင်ချက်များသည် ရပ်ရွာအပေါ် အကျိုးသက်ရောက်မှုရှိပြီး အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်မည်ဆိုလျှင် ရပ်ကွက်အတွက် အမှန်တကယ် အလုပ်လုပ်ပေးနိုင်သော စေတနာထားနိုင်သော လူများကို ဒီမိုကရေစီနည်းကျကျ ရွေးချယ်ခန့်ထားရန် လိုအပ်ကြောင်း ပြောသည်။ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေသစ်တွင် အမျိုးသမီးများလည်း အမျိုးသားများနှင့်တန်းတူ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံနိုင်ခွင့်ရှိသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template