စာတိုက်ပုံးစနစ်ကဲ့သို့သော မေးလ်စနစ် post office protocolကို
မြန်မာနိုင်ငံတွင် ယခင်က သုံးစွဲမရပဲဖြစ်နေရာမှ နည်းပညာပိတ်ဆို့မှုအချို့ကို
ဖွင့်ပေးလိုက်သဖြင့် ယခုအခါ မြန်မာအင်တာနက် သုံးစွဲသူများ
မိုက်ခရိုဆော့ဖ် outlook express ကဲ့သို့သော ဆော့ဖ်ဝဲများကို
သုံးစွဲနိုင်ပြီဖြစ်သည်။
မည်သည့်နေ့ရက်က ပိတ်ဆို့မှုများအား ဖွင့်ပေးလိုက်သည်ကို အတိအကျမသိရှိရသေးပေ။ ယခုရက်ပိုင်း အတွင်း အင်တာနက် လွတ်လပ်မှုနှင့် ပတ်သက်သည့် freedom house အဖွဲ့အစီရင်ခံစာထွက်ရှိလာပြီး ရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ သုံးစွဲနိုင်ခြင်းဖြစ်သည်။
POP 3 ဟုနည်းပညာအခေါ်အဝေါ်အရ ခေါ်ဆိုသည့် စနစ်မှာ မိမိ၏ အီးမေးလ် ဆာဗာမှ စာများကို မိမိကိုယ်ပိုင်သုံးစွဲသည့် ကွန်ပျူတာ ထဲသို့ ဆွဲယူထားရှိမည်ဖြစ်၍ အော့ဖ်လိုင်း (offline) ဖြစ်နေချိန်တွင်လည်း ၀င်ပြီးသား စာများ၊ တွဲလျက်ဖိုင်များကို ဖတ်ရှုနိုင်မည်ဖြစ်ကာ ၊ ပေးပို့လိုသည့် စာများကိုလည်း ရေးသား ပြင်ဆင်ထားနိုင်ပြီး online ချိတ်ဆက်ချိန်တွင် အလိုအလျောက်ပို့ပေးသည့် စနစ်ဖြစ်သည်။
မြန်မာတယ်လီပို့၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (အမ်ပီတီ)တို့တွင် .com.mm လိပ်စာများဖြင့် ယင်းစနစ်ကို ယခင်ကတည်းက သုံးစွဲနိုင်ခဲ့သော်လည်း ၊ မြန်မာပေါ်တယ်အား လုံခြုံရေးအရ စိတ်မချခြင်းနှင့် လူသုံးများသည့် Gmail , Yahoo, Hotmail ကဲ့သို့သော မေးလ်များကို သုံးစွဲခွင့်မရရန် နည်းပညာအားဖြင့် ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။
ယခု POP 3 စနစ်က မေးလ်ကို မိမိကိုယ်တိုင် အမြဲသုံးစွဲသည့် ရုံးသုံး၊ အိမ်သုံး ကွန်ပျူတာများတွင် ထည့်သွင်းသုံးစွဲရန် သင့်တော်ပြီး အများသုံး အင်တာနက်ဆိုင်များတွင် သုံးစွဲရန်မသင့်တော်ပေ။
မြန်မာဖောင့်ဖြင့် မေးလ်ပို့သူ လက်ခံသူများအနေဖြင့် မိုက်ခရိုဆော့ဖ် office outlook ထက် Mozilla Thunderbird ဆော့ဖ်ဝဲက ပိုမိုပြီး အဆင်ပြေကြောင်း နည်းပညာကျွမ်းကျင်သူများက အကြံပြုပြောဆိုသည်။ POP 3 နည်းပညာ ဆော့ဖ်ဝဲ အများအပြားရှိရာတွင် မိုက်ခရိုဆော့ဖ် outlook မှာ office နှင့်တတွဲထဲ တွဲလျှက်ပါရှိသည့် ဆော့ဖ်ဝဲဖြစ်သည်။


No comments:
Post a Comment