ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၇)
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၆) ကို ဒီနေတွင် နှိပ်၍ ပြန်လည် ဖတ်ရှုနိုင်ပါသည်။
စာရေးသူအနေနဲ့ ဘာသာရေး လူမျိုးရေး အစွဲတွေကြောင့် ရေးသားတာမျိုး မဟုတ်တာကိုတော့ စာရေးသူ တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က ကိုယ်တွေ့ အဖြစ်အပျက်ကလေးတစ်ခုကို ဥပမာပေး တင်ပြချင်ပါသေးတယ်။ ရှေ့တန်း တနေရာမှာ စာရေးသူတို့စစ်ကြောင်း ခေတ္တအခြေပြုမဲ့ နေရာအရောက်မှာ ရှေ့ပွိုင့်ကနေ လူတစ်ယောက် လဲနေတာတွေ့ရကြောင်း သတင်းပို့လာပါတယ်။ ဒါနဲ့ စာရေးသူလည်း စစ်ကြောင်းကို ရပ်လိုက်ပါတယ်။ စစ်တပ်ထုံးစံအတိုင်း လုံခြုံရေးကို အရင်လုပ်ပြီးတာနဲ့ ပွိုင့်ကို တက်သွားပြီးကြည့်တော့ လူတစ်ယောက် ပိန်ချုံးချိနဲ့စွာနဲ့ အားပြတ်ကာ လဲကျနေတာကို တွေ့ရလို့ ပါလာတဲ့ ဆေးအဖွဲ့နဲ့ပဲ ပြုစုပေးလိုက်ပါတယ်။ သူ့ကို လိုအပ်သလို ပြုစုထားခိုင်းပြီး စာရေးသူဟာ စစ်ကြောင်းရုံးကို ပြန်လာခဲ့ပါတယ်။ စီမံဆောင်ရွက်စရာရှိတာတွေကို လုပ်ပြီးတဲ့အခါမှာ စောစောက ပြုစုပေးနေတဲ့ လူဆီကို တခေါက်ပြန်သွားကြည့်တော့ အဲဒီလူက ကတုံးကြီးနဲ့ဖြစ်နေလို့ စာရေးသူ အတော်လေးပဲ အံ့အားသင့်သွားပါတယ်။ ဟေ့…. မင်းတို့ ဘာလို့ သူ့ကို ကတုံး တုံးလိုက်တာလည်းကွလို့ စာရေးသူ မေးလိုက်တော့ တပ်ကြပ်ကြီးတစ်ယောက်က သူ့ခေါင်းမှာ သန်းတွေချည်းပဲခင်ဗျ။ အဲဒါကြောင့် ကတုံး တုံးပေးလိုက်တာပါလို့ ဖြေနေစဉ်မှာပဲ ရဲဘော်တစ်ယောက်က ဒီမှာ ခင်ဗျ ဒီမှာ အများကြီးပဲလို့ လက်ညှိုးထိုးပြတဲ့နေရာကို ကြည့်လိုက်တော့ မြက်ခင်းအစပ်နားက ဆံပင်အစ တစ်စုထဲမှာကို သန်းများ ကျိကျိတက်နေတာ မြင်လိုက်ရပါတယ်။ စာရေးသူလည်း ရဲဘော်တွေရဲ့ လူသားဆန်မူကို သဘောကျသွားမိပါတယ်။ စာရေးသူတို့ စစ်ကြောင်းပြန်ထွက်တော့ ထိုလူလည်း အတော်လန်းလန်းဆန်းဆန်း ဖြစ်နေပြီမို့ စစ်ကြောင်းနဲ့အတူ ဖေးမခေါ်ဆောင်လာပြီး ကားလမ်းဘေးက ရွာတစ်ရွာကို အရောက်မှာ သူနေခဲ့ပါတယ်။ ပြန်ဖို့ လွယ်ကူသွားလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် ရှေ့တန်းမှာ ကျည်ဆံ ဗုန်းသံတွေကြားမှာ ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း ထိတွေ့တိုက်ခိုက်နေရပေမယ့် အခုလို အပြစ်ကင်းတဲ့ လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့တာကိုတော့ အချိန်အတော်ကြာအောင် မှတ်မှတ်ရရ ရှိနေခဲ့ပါတယ်။ ဝမ်းသာပီတိလည်း ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ထုံးစံအတိုင်း ညအိပ်ခါနီး စိတ်ထဲရည်မှန်းလို့ ဗုဒ္ဓဘုရားကို ရှိခိုးပြီးတိုင်း အမျှဝေတဲ့အခါမှာ အဲဒီ ဇီဝိတဒါန ကုသိုလ်ကို အာရုံပြုပြီး အမျှဝေဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလို ဇီဝိတဒါနကို အရမ်းပီတိဖြစ်ရလို့ပါ။ တကယ်လည်း စိတ်စေတနာအပြည့်နဲ့ ကယ်တင်ခဲ့ရလို့ပါ။ အကယ်၍ စာရေးသူတို့စစ်ကြောင်းနဲ့ ထိုသူ မဆုံခဲ့ရင် အဲဒီနေရာမှာ သူထာဝရ ခေါင်းချသွားရတော့မှာပါ။ ဒီလိုအကြောင်းအရာကို ပြန်ပြော ပြန်ရေးဖို့ ယခင်က တခါမှ မစဉ်းစားခဲ့မိပေမယ့် ယခုအကြောင်းဆုံလာလို့ တင်ပြရတာပါ။ သူ့ရဲ့နာမည်ကိုတော့ မေ့နေပါပြီ။ သူဟာ မန္တလေးက မွတ်ဆလင်ဘာသာဝင် လူမျိုးတစ်ဦး ဖြစ်တယ် ဆိုတာကိုတော့ ကောင်းကောင်းမှတ်မိနေခဲ့ပါတယ်။
အပိုင်း (ဂ) ကို စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ ဆက်လက် ဖော်ပြသွားပါမည်။
No comments:
Post a Comment