လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးများ ကျင်းပရေး ညှိနှိုင်း အစည်းအဝေးသို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြား - NAING NAING SANAY MYANMAR NEWS
Headlines News :

Monday, October 8, 2012

လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးများ ကျင်းပရေး ညှိနှိုင်း အစည်းအဝေးသို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြား


(နေပြည်တော် အောက်တိုဘာ ၈)
လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးများ ကျင်းပရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ခန်းမဆောင်၌ ကျင်းပရာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း  တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ လွှတ်တော် အစည်းအဝေးများ ကျင်းပရေး ဗဟို ကော်မတီဝင် များ ဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီး များနှင့် ဒုတိယ ဝန်ကြီးများ၊ လုပ်ငန်း ကော်မတီဝင် များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အဖွင့် အမှာစကား ပြောကြားရာတွင် လွှတ်တော် အစည်း အဝေးများ ကျင်းပခဲ့သည်မှာ စတုတ္ထ ပုံမှန် အစည်းအဝေး အထိ အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပြီဖြစ်ကြောင်း၊ လွှတ်တော် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရန် ကူညီဆောင်ရွက် ပေး ခဲ့ကြသည့် လွှတ်တော် အစည်း အဝေးများ ကျင်းပရေး ဗဟို ကော်မတီဝင် များနှင့် တာဝန်ရှိသူ များအား ကျေးဇူးတင်ရှိ ပါကြောင်း။

အောက်တိုဘာ ၁၈ ရက်တွင် စတင် ကျင်းပမည့် ပဉ္စမ ပုံမှန် အစည်းအဝေးတွင် ယခင် ကျင်းပခဲ့သည့် လွှတ်တော် အစည်းအဝေးများ နည်းတူ လွှတ်တော် ကိုယ်စားလှယ် များ၏ လုံခြုံရေး၊ တည်းခိုနေထိုင် စားသောက်ရေး၊ သယ်ယူ ပို့ဆောင်ရေးနှင့် ကျန်းမာရေး စသည့် လုပ်ငန်းများ ကိုလည်း သက်ဆိုင်ရာ ကော်မတီများက အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက် ပေးစေ လိုပါ ကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက လုံခြုံရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က ပြန်ကြားရေး လုပ်ငန်း များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းညွန့်က တည်းခိုနေထိုင် စားသောက်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်းက အသံထိန်း စနစ်နှင့် ဆန္ဒမဲပေး စက်ခလုတ် ဆိုင်ရာ လုပ်ငန်းများ၊ ဆက်သွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင် နှင့် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင် တို့က သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်က အခမ်း အနား ပြင်ဆင်ရေး လုပ်ငန်း များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်က ဧည့်ခံ ကျွေးမွေးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်သန်းဦး က လျှပ်စစ်ကဏ္ဍနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်က ကျန်းမာရေး လုပ်ငန်း များနှင့် စပ်လျဉ်း၍ လည်းကောင်း လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးဝင်းကိုနှင့် အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်းတို့က အထွေထွေ ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက လုပ်ငန်းများ အောင်မြင်စေရန်နှင့် အဆင်ပြေ ချောမွေ့စေရန် တာဝန်ရှိ သော လုပ်ငန်း ကော်မတီများ၊ တာဝန်ရှိသူများနှင့် တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် များသည် ပြည်သူ့ ကိုယ်စားလှယ် များဖြစ်၍ လိုအပ်ချက် များအား အလေးထား ဆောင်ရွက် ပေးရန်လိုကြောင်း၊ သို့မှသာ ပြည်သူကို လေးစားရာ ရောက် မည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန် ရှိသူများ အချင်းချင်း ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် လွှတ်တော် အတွက် အကောင်းဆုံး ဖြစ် မည် ဖြစ်ကြောင်းဖြင့် နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 


No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template