ကျေးရွာ အုပ်ချုပ်ရေးမှူး သားက ရေတပ်သားလို အယောင်ဆောင်ပြီး အရပ်သားတစ်ဦးကို ဖမ်းဆီး နှိပ်စက် - NAING NAING SANAY MYANMAR NEWS
Headlines News :

Monday, October 8, 2012

ကျေးရွာ အုပ်ချုပ်ရေးမှူး သားက ရေတပ်သားလို အယောင်ဆောင်ပြီး အရပ်သားတစ်ဦးကို ဖမ်းဆီး နှိပ်စက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးရွာ တစ်ခုမှ အုပ်ချုပ်ရေးမှူး သားတစ်ဦးသည် သူ၏ အပေါင်းအဖေါ် (၉) ဦးနှင့် အတူ ရေတပ်သားဟန်ဆောင်ပြီး အရပ်သား တစ်ဦးကို ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် နှိပ်စက် ညှဉ်းပမ်းခဲ့သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးနှိပ်စက်ခံရသူမှာ အမ်းမြို့ တပ်တောင် ရွာမှ ဦးမောင်ခိုင်စိုး ဖြစ်ပြီး သူ့အား ကျောက်ဖြူမြို့နယ် ငသန့်သာကျွန်းတွင် ပိုက်ချနေစဉ် ဖမ်းဆီးခေါ်ဆောင် နှိပ်စက်ခံရခြင်း ဖြစ်ကြောင်း နိရဉ္စရာမှ ဆက်သွယ် မေးမြန်းစဉ် ဖုံးထဲမှ တဆင့် ဖြေကြားခဲ့သည်။
“ ကျွန်တော်ကို ဖမ်းဆီးနှိပ်စက်တာပါ။ သူတို့ထဲက လူနှစ်ယောက်က ရေတပ်က ဆရာကြီးတွေဆိုပြီး ကျွန်တော်ကို စစ်ဆေး မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်ယူသွားပါတယ်။ စက်လှေပေါ်ကို ရောက်တာနဲ့ ကျွန်တော်ကို ချည်နှောင်ပြီး အသားကုန် နှိပ်စက်ပါတယ်။ လည်ပင်းပေါ်ကို ဓါးတင်ပြီလည်း လိုတဲ့ဆုကို တောင်း၊ ဒီနေ့ဟာ ခင်ဗျားရဲ့ နောက်ဆုံးနေ့လို့ ပြောပါတယ်။ ကျွန်တော်ကတော့ ငါသေသွားရင် ဥပဒေက ရှင်းပေးလိမ့်မယ်လို့ ပြန်ပြောပါတယ်။ စက်လှေနဲ့ ကျွန်တော်ကို အသိုင်းကြီး ကျေးရွာကို ခေါ်သွားခဲ့ပါတယ်။ ကျွန်တော်ကို ညနေ ၈ နာရီမှာ ဖမ်းခေါ်ခံခဲ့ရတာ ဖြစ်ပါတယ်” ဟု ဦးမောင်ခိုင်စိုးက ပြောသည်။
သူတို့က ဘာကြောင့်ခုလို နှိပ်စက်ရပါသလဲဟု မေးမြန်းရာ ဦးမောင်ခိုင်စိုးက ယခုလို ဆက်ပြောသည်။
“ ကျွန်တော်က သူတို့ကို ငွေမလှူဘဲ အသိုင်းကြီးရွာ ဘုရားဂေါပကကို ငွေလှူတဲ့ အတွက် ဖြစ်ပါတယ်။ ကျွန်တော်က မော်လာပိုက်ချတိုင်း အသိုင်းကြီးရွာ ဂေါပကို ငွေ ၅၀၀၀ စီ လှူပါတယ်။ အဲဒါကို သူတို့ကို မလှူရကောင်းလားဆိုပြီး ဖမ်းဆီးပြီး နှိပ်စက်တာ ဖြစ်ပါတယ်။ တစ်ခြား သူတို့နဲ့ ဘာပြဿနာမှ မရှိပါ” ဟု ဆိုသည်။
ရေတပ်သား အယောင်ဆောင်ပြီး ဖမ်းဆီးနှိပ်စက်သူမှာ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး သားဖြစ်ကြောင်း သူက ပြောသည်။
“ သူတို့က အသိုင်းကြီးရွာကို ခေါ်ယူသွားပြီး ကျွန်တော် မျက်နာကို လက်သီးတွေနဲ့ထိုး၊ ခြေထောက်တွေနဲ့ကန် အဲသလို လုပ်နေစဉ်မှာ မမြင်နိုင်တဲ့ ဘုရား ဂေါပကကနေ ဒီငွေဟာ မင်းတို့နဲ့ မဆိုင်ဘူး။ ငါတို့ ဘုရားဂေါပကို လှူတာသာ ဖြစ်တယ်လို့ ၀င်ပြောတဲ့ အတွက် သူ့ကိုလည်း ၀ိုင်းပြီး လက်သီးတွေနဲ့ ထိုးတဲ့အတွက် ဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရပါတယ်” ဟု သူက ဆက်ပြောသည်။
ယခုကဲ့သို့ ဖမ်းဆီးနှိပ်စက်ခြင်းမှာ တစ်ခြားအကြောင်းအရာ မရှိဘဲ သူတို့အား ငွေမလှူသဖြင့် အာဏာပြ နိုင်ထက် စီးနှင်း ပြုလုပ်ခြင်း ဖြစ်ကြောင်း သူက ပြောသည်။
ဦးမောင်ခိုင်စိုးအား အသိုင်းကြီးကျေးရွာမှ တဆင့် ဇင်ကျွန်းကျေးရွာရှိ အုပ်ချုပ်ရေးမှူး အိမ်သို့ စက်လှေဖြင့် ဆက်လက် ခေါ်ယူလာခဲ့ကြောင်း၊ ရွာကို စက်တင်္ဘာလ ၃၀ ရက်နေ့ နံနက် အာရုံတက်ချိန် ၂ နာရီမှာ ရောက်ရှိကြောင်း၊  ဇင်ကျွန်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှာ အိမ်တွင်  မရှိဘဲ  ဇနီးသာ ရှိနေသဖြင့် ဇနီးဖြစ်သူ နှင့် နောက်ထပ် အုပ်ချုပ်ရေးအဖွဲ့ဝင် လူကြီးနှစ်ဦးမှ အမူမလုပ်ကြောင်း၊ ကျေအေးကြောင်း လက်မှတ် ရေးထိုး ပေးလိုက်ပြီးမှ ဦးမောင်ခိုင်စိုးကို လွှတ်ပေးလိုက်သည်ဟု ဆိုသည်။
“ ကျွန်တော်လည်း လက်မှတ်ရေးထိုးခိုင်းပါတယ်။ ကျွန်တော်လည်း စကားထပ်မများချင်တာနဲ့ လက်မှတ်ရေးထိုးပေးလိုက်ပါတယ်။ အခု ရပ်ရွာက လူကြီးတွေရဲ့ အကူအညီနဲ့ ပြည်နယ် အစိုးရ အပါအ၀င် နိုင်ငံရေး ပါတီတွေကို တိုင်ကြားထားလိုက်ပါပြီ” ဟု ဦးမောင်ခိုင်စိုးက ပြောသည်။
နောက်ဆုံး ရရှိသော သတင်းအရ အသိုင်းကြီးကျေးရွာမှ အရိုက်ခံရပြီး  ဆေးရုံတင်ခဲ့ရသူ ဘုရားဂေါပ လူကြီး သားမှ တရားစွဲဆိုမည် ဖြစ်သဖြင့် သက်သေ အဖြစ် လိုက်ပါ ဆောင်ရွက်ပေးရန် ဦးမောင်ခိုင်စိုးကို ယမန်နေ့က ဖုံးဆက် အကြောင်းကြားလာသည်ဟု ကျေးရွာ လူကြီး တစ်ဦးကလည်း နိရဉ္စရာသို့ ပြောပြသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template