နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဆိုးလ်မြို့ရှိ Saemaul Undong Central Training Institute ကို သွားရောက် ကြည့်ရှု လေ့လာ - NAING NAING SANAY MYANMAR NEWS
Headlines News :

Monday, October 8, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဆိုးလ်မြို့ရှိ Saemaul Undong Central Training Institute ကို သွားရောက် ကြည့်ရှု လေ့လာ


ကိုရီးယား သမ္မတနိုင်ငံ ဆိုးလ်မြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ဆိုးလ်မြို့ရှိ Saemaul Undong Central Training Institute ကို သွားရောက် ကြည့်ရှု လေ့လာသည်။ ထိုသို့လေ့လာ ရာတွင် နိုင်ငံတော် သမ္မတအား Saemaul Undong Central Training Institute ဥက္ကဋ္ဌ Mr. Lee Jai Chang က နှုတ်ခွန်းဆက် စကား ပြောကြားပြီး ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုးတက် လာရေး အတွက် ဆောင်ရွက်ခဲ့မှုနှင့် မြန်မာနိုင်ငံ အပါအဝင် အာရှနှင့် အာဖရိက နိုင်ငံအချို့မှ သင်တန်းသား များအား လေ့ကျင့် သင်တန်းများ ဖွင့်လှစ်ပေးနေမှုကို ပရိုဂျက်တာဖြင့် ရှင်းလင်း ပြသသည်။
ထို့နောက် နိုင်ငံတော် သမ္မတအား ဥက္ကဋ္ဌ Mr. Lee Jai Chang က သင်တန်းကျောင်း ဝတ်စုံကို ဂါရဝပြု ပေးအပ်ရာ နိုင်ငံတော်သမ္မတ ကလည်း အမှတ်တရ လက်ဆောင် ပြန်လည် ပေး အပ်ပြီး ကျေးဇူးတင် စကား ပြော ကြားသည်။

ယင်းနောက် နိုင်ငံတော် သမ္မတသည် သင်တန်းကျောင်းရှိ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးပြီး  ဥက္ကဋ္ဌ Mr. Lee Jai Chang နှင့် အဖွဲ့ဝင် များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။ 

ဆက်လက်၍ သင်တန်းကျောင်းသို့ လေ့လာရေး ခရီး လာရောက်ခြင်း အထိမ်းအမှတ် အဖြစ် ထင်းရှူးပင်ကို စိုက်ပျိုး ပေးပြီး Saemaul Museum အတွင်း လှည့်လည် ကြည့်ရှု လေ့လာသည်။ အဆိုပါ Saemaul Undong Central Training Institute သည် ဆိုးလ် မြို့မှ (၂၉) ကီလိုမီတာ အကွာတွင် တည်ရှိသည်။ Saemaul Undong ဆိုသည်မှာ ကျေးရွာသစ် လှုပ်ရှားမှု (New Village Movement) ဟု အဓိပ္ပာယ်ရပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေး အတွက် ၁၉၆ဝ ပြည့်လွန် ကာလတွင် သမ္မတ ပတ်ချုံဟီးက စတင်အကောင် အထည်ဖော် ခဲ့သည့် လှုပ်ရှားမှု တစ်ရပ်ဖြစ်သည်။ အဆိုပါ စီမံကိန်းကြောင့် ဆင်းရဲမှု လျော့နည်း ကျဆင်းလာပြီး ကျေးလက် ဒေသ၏ လူနေမှု အဆင့် အတန်း၊ ပြည်သူများ၏ ဝင်ငွေ၊ အခြေခံ အဆောက်အအုံ၊ ပြည်သူများ၏ စိတ်နေ သဘောထား၊ ခံယူချက် များနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု မြင့်တက်လာ၍ ဆင်းရဲချမ်းသာ ကွာဟမှုမှာလည်း ကျဉ်းမြောင်း လာခဲ့သည်။ ကိုရီးယား သမ္မတ နိုင်ငံ၏ လက်ရှိ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေသို့ ရောက်ရှိရေး အတွက် Saemaul Undong သည် အရေးပါသည့် အခြေခံ အုတ်မြစ်များကို ချမှတ်ပေးနိုင် ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ညနေ (၄)နာရီခွဲတွင် ကိုရီးယား သမ္မတနိုင်ငံ Doosuan ကုမ္ပဏီ ဥက္ကဌ Mr.Y.M. Park အား ခေတ္တ တည်းခိုသည့် Lotte ဟိုတယ် ဧည့်ခန်းမ၌ လက်ခံ တွေ့ ဆုံပြီး မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံ နိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။


No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template